သမ္မတ အာရှ်ရက်ဖ် ဂါနီ ထွက်ပြေးသွားပြီးနောက် အာဖဂန်နစ္စတန်ကို တာလီဘန်တို့ သိမ်းပိုက်ထိန်းချုပ်

အာဖဂန်နစ္စတန်နိုင်ငံမှာ သမ္မတ အာရှ်ရက်ဖ် ဂါနီ နိုင်ငံကနေ ထွက်ပြေးသွားခဲ့ပြီးနောက် ယခုအခါ တာလီဘန်တို့ဟာ တနိုင်ငံလုံးကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်သွားခဲ့ပြီ ဖြစ်ပါတယ်။

အာဖဂန်သမ္မတ ဂါနီ ခုလိုမျိုး နိုင်ငံကို စွန့်ခွာ ထွက်ပြေးသွားခဲ့မှုကတော့ နှစ် ၂၀ ကြာ စစ်ပွဲမှာ တာလီဘန်တို့ အနိုင်ရခဲ့ပြီဆိုတာကို လက်ခံအသိအမှတ်ပြုပေးလိုက်ရတာလည်း ဖြစ်ပါတယ်။

 

ထွက်ပြေးသွားသော အာဖဂန်နစ္စတန်နိုင်ငံမှာ သမ္မတ အာရှ်ရက်ဖ် ဂါနီ

 

 

အာဖဂန်အစိုးရရဲ့ ခုလိုမျိုး အံ့အားသင့်ဖွယ် မြန်မြန်ဆန်ဆန် ပြိုလဲသွားမှုနဲ့အတူ တာလီဘန်တို့ဟာ သြဂုတ် ၁၅ ရက်ညပိုင်းမှာ သမ္မတအိမ်တော်ကို ဝင်ရောက်ထိန်းချုပ်ထားခဲ့ပြီးနောက် မြို့တော် ကဘူးလ်မှာ စိုးရိမ် အထိတ်တလန့်ဖြစ်မှုတွေ ပေါ်ပေါက်နေခဲ့ပါတယ်။

လက်ရှိမှာ ယင်းနိုင်ငံကနေ အမေရိကန် ဦးဆောင်တဲ့ တပ်ဖွဲ့တွေ ထွက်ခွာနေခဲ့ကြပြီ ဖြစ်သလို အနောက်နိုင်ငံတွေကတော့ သြဂုတ် ၁၆ ရက်မှာ ၎င်းတို့ရဲ့ နိုင်ငံသားတွေကို ယင်းနိုင်ငံထဲကနေ အမြန်ဆုံး ခေါ်ထုတ်သွားဖို့ လုပ်ဆောင်နေကြပါတယ်။

အလားတူ လူထောင်နဲ့ချီတို့ဟာ သြဂုတ် ၁၆ ရက်မှာ ကဘူးလ်ကနေ ထွက်ခွာနိုင်ဖို့ ကြိုးပမ်းကြဖို့ ရှိနေပြီး လေဆိပ်မှာ လူအုပ်စုကြီးတွေ စုဝေးနေခဲ့ကြတဲ့ ဖရိုဖရဲ အခြေအနေ မြင်ကွင်းတွေကို မြင့်တွေ့ထားခဲ့ရပါတယ်။

 

 

ကဘူးလ်မြို့ကို တာလီဘန်တို့ ဝိုင်းလာခဲ့ချိန် ယမန်နေ့ သြဂုတ် ၁၅ ရက်မှာ ဂါနီဟာ နိုင်ငံထဲကနေထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ တာလီဘန်တို့ကတော့ ၁၀ ရက်သာသာအတွင်းမှာပဲ မြို့ကြီးအားလုံးကို ၎င်းတို့လက်ထဲ သိမ်းပိုက်နိုင်ခဲ့ပြီး နိုင်ငံတဝန်း စစ်‌ရေး အောင်ပွဲတစ်ခုကို ရခဲ့တာဖြစ်ပါတယ်။

“တာလီဘန်တွေ အနိုင်ရသွားခဲ့ပါပြီ၊ ခုချိန်မှာတော့ အာဖဂန်ပြည်သူတွေရဲ့ ဂုဏ်သိက္ခာ၊ ပစ္စည်းဥစ္စာနဲ့ မိမိဘာသာ ထိန်းသိမ်းစောင့်ရှောက်မှုတို့အတွက် လုပ်ဆောင်ပေးဖို့ သူတို့မှာ တာဝန်ရှိနေပါပြီ” လို့ ဂါနီက နိုင်ငံကနေ ထွက်ပြေးသွားပြီးနောက် ပထမဆုံး တင်ခဲ့တဲ့ ဖေ့စ်ဘွတ်ခ်ပို့မှာ ရေးခဲ့ပါတယ်။

 

 

တာလီဘန် ပူးတွဲတည်ထောင်သူ အဗ္ဘဒူလ် ဂါနီ ဘာရာဒါက ဆိုရှယ်မီဒီယာပေါ် တင်ခဲ့တဲ့ ဗီဒီယိုတစ်ခုထဲမှာ ၎င်းတို့ လှုပ်ရှားမှုရဲ့ အောင်ပွဲကို ကြေညာသွားခဲ့ပါတယ်။

“ခုချိန်မှာ အစမ်းသပ်ခံ၊ သက်သေပြရမယ့် အချိန်ရောက်ပါပြီ၊ ကျွန်တော်တို့ဟာ နိုင်ငံကို အလုပ်အကျွေးပြုနိုင်ပြီး၊ လုံခြုံရေးကို အာမခံနိုင်သလို ကိုယ်စိတ်ချမ်းသာရှိနိုင်မှုတို့အတွက် လုပ်ဆောင်နိုင်တယ်ဆိုတာကို ပြသရပါတော့မယ်” လို့ ၎င်းက ပြောခဲ့ပါတယ်။

စက်တင်ဘာ ၁၁ တိုက်ခိုက်မှုတွေနောက်ပိုင်း ၂၀၀၁ ခုနှစ်မှာ အာဖဂန်နစ္စတန်ထဲ ဝင်ရောက်ပြီး တာလီဘန်တို့ကို ဖြုတ်ချခဲ့တဲ့ အမေရိကန်စစ်တပ် ခုချိန်မှာ ပြန်လည်တပ်ရုပ်သွားမှုနဲ့အတူ အာဖဂန်အစိုးရတပ်ဖွဲ့တွေဟာ ပြိုလဲသွားခဲ့ရပြီ ဖြစ်ပါတယ်။

အမေရိကန်ဟာလည်း ဆယ်စုနှစ်နှစ်စုကြာ စစ်ရေးအကူအညီ ထောက်ပံ့ပြီး ဒေါ်လာ ဘီလီယံများစွာ သုံးစွဲခဲ့သော်ငြားလည်း အာဖဂန်နစ္စတန်မှာ တာလီဘန်တို့ကို တွန်းလှန်နိုင်စွမ်းရှိမယ့် ဒီမိုကရေစီအစိုးရတစ်ရပ်ကို ယခုနောက်ဆုံးမှာ ထူထောင်ပေးနိုင်ခဲ့ခြင်း မရှိပါဘူး။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ အာဖဂန်ကနေ အမေရိကန်စစ်သည်အားလုံးကို ယခုလကုန်နောက်ဆုံးထားပြီး ရုပ်သိမ်းဖို့ ဆုံးဖြတ်ထားပြီး ဖြစ်သလို ၎င်းအနေနဲ့ ရွေးချယ်စရာ မရှိတော့ကြောင်းနဲ့ ဒီစစ်ပွဲကို နောက်သမ္မတတစ်ဦးထံ ထပ်ပြီးတော့ လက်ဆင့်ကမ်းသွားမှာမဟုတ်ကြောင်း ပြောသွားခဲ့ပါတယ်။

418  Views
Previous: ဘုရား မပါပဲ ငါတို့ ဘာမှ မတတ်နိုင်၊ ငါတို့ မပါပဲနဲ့လည်း ဘုရား ဘာမှလုပ်မှာ မဟုတ် ဟူသော ပုသိမ်ဂိုဏ်းအုပ်သာသနာ၏ စီမံအုပ်ချုပ်ရေးတာဝန်ခံ၊ ဖါသာရ် ဟင်နရီ အိုင်ခလိန်၏ ပထမဆုံးသော သတင်းစကား
Next: နိုင်ငံရေးအာဏာဟာ ပြည်သူကို အလုပ်အကျွေးပြုမှုကသာ ဆင်းသက်တယ်လို့ ကာဒီနယ် ချားလ်စ်မောင်ဘို မိန့်ကြား