ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ဝန်ကြီးတချို့ စွပ်စွဲခံထားရတဲ့ အဂတိအမှုတွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုချက်ကို တရားလွှတ်တော်ချုပ်က ပယ်ချ

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ဝန်ကြီးတချို့ စွပ်စွဲခံထားရတဲ့ အဂတိအမှုတွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုချက်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မတ်လ ၁၅ ရက်ဒီကနေ့မှာ ပယ်ချလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ ဒု-မြို့တော်ဝန် ဦးရဲမင်းဦးနဲ့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့ စွပ်စွဲခံထားရတဲ့ အဂတိလိုက်စားမှု အမှုပေါင်း နှစ်ဆယ်ကို ပယ်ဖျက်ပေးဖို့ စွပ်စွဲခံရသူတွေရဲ့ အမှုလိုက်ရှေ့နေတွေက တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဒီအမှုတွေကို တရားလွှတ်တော်ချုပ်က လက်ခံစစ်ဆေးမှာ မဟုတ်ဘူးလို့ တရားလွှတ်တော်ချုပ် တရားသူကြီး ဦးအောင်ဇော်သိန်းက ဆုံးဖြတ်ခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ဒါကြောင့် စွပ်စွဲခံထားရသူတွေဟာ သက်ဆိုင်ရာတရားရုံးတွေမှာ ဒီအမှုတွေ ဆက်လက်ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။

အမှုနှစ်ဆယ်လုံးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ စစ်ကောင်စီက တရားစွဲထားတဲ့ အမှုတွေဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာ မျိုးအောင် ၊ ဦးရဲမင်းဦးနဲ့ ဦးနိုင်ငံလင်းတို့ရဲ့ တစ်ဦးချင်းစီအလိုက် အမှုပေါင်း ငါးမှုစီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုငါးမှုမှာတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ရွှေနဲ့ ဒေါ်လာတွေ ပေးခဲ့တယ်ဆိုတဲ့အမှု၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ မြေကွက်တွေ ရယူခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့အမှုတွေ ပါဝင်ပါတယ်။

ဒေါက်တာ မျိုးအောင်ရဲ့ အမှုတွေမှာတော့ NLD အစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန်အဖြစ် တာဝန် ထမ်းဆောင်ခဲ့စဉ်က ဒက္ခိဏသီရိမြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်း အငြိမ်းစား အိမ်ရာတည်ဆောက်ရေး လုပ်ငန်းမှာ လုပ်ငန်းရှင်ထံက ငွေကြေးရယူတာ၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် မြေနေရာကို နေပြည်တော် စည်ပင်သာယာရေးကော်မတီက ချထားပေးတာ စတဲ့ စွပ်စွဲခံထားရတဲ့ အမှုတွေ ပါဝင်ပါတယ်။

ဦးရဲမင်းဦးရဲ့ အမှုတွေက ရာထူးတာဝန်ရယူထားချိန်က နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်ရဲ့ Digital Marketing Services Facebook ကြော်ငြာ ဝန်ဆောင်မှုလုပ်ငန်းကို တင်ဒါလုပ်ထုံး လုပ်နည်းများနဲ့ မညီဘဲ ဆောင်ရွက်တာ၊ ဘဏ်ရဲ့ ချေးငွေမူဝါဒနဲ့ မကိုက်ညီတဲ့သူတွေကို ချေးငွေတွေ ထုတ်ချေးတာ စတဲ့ စွပ်စွဲထားတဲ့ အမှုတွေ ပါဝင်ပါတယ်။

ဦးနိုင်ငံလင်းကိုတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဘတ်ဂျက်နဲ့ ဆောက်လုပ်တဲ့ ပညာရေးဆိုင်ရာ အဆောက်အအုံ ဆောက်လုပ်ခွင့်ရတဲ့ လုပ်ငန်းရှင်တွေဆီက ငွေကြေးရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပါဝင်ပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေ၊ အစိုးရဝန်ထမ်းတွေ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူခံရတာ လက်ရှိအချိန်ထိဆိုရင် ၅၆ ဦးထိ ရှိနေပြီဖြစ်ပါတယ်။

 

Source: RFA Myanmar

344  Views
Previous: Gen. Petraeus: Invasion reveals a host of weaknesses in Russia’s military
Next: မင်္ဂလာဆီများကို ကောင်းချီးပေးခြင်း အခမ်းအနားနှင့် ကတိသစ္စာများပြန်လည်ပြုလုပ်ခြင်း။