အနုပညာရှင် ၂၄ ဦးကို အမှုရုပ်သိမ်းပေးကြောင်း စစ်ကောင်စီ ကြေညာ

ပုဒ်မ ၅ဝ၅(က)နဲ့ တရားစွဲဆိုခံထားတဲ့ အနုပညာရှင်တွေထဲက ၂၄ ဦးကို အမှုရုပ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီ ထိန်းချုပ်တဲ့ မြဝတီရုပ်သံသတင်းမှာ ဇွန်လ ၂၉ ရက်နေ့က ကြေညာသွားပါတယ်။ ဒီအမှုရုပ်သိမ်းခံရတဲ့ စာရင်းထဲ ပါဝင်သူတွေကတော့ … ချစ်သုဝေ၊ G Fatt၊ ကျော်ကျော်နန္ဒ၊ ဝါဆိုမိုးဦး၊ ဟန်နေတာ၊ သက်မွန်မြင့်၊ မယ်ရီ၊ နော်ဖောအယ်ထား၊ ခါရာ၊ စူးရှနိုင်၊ J Fire၊ Kelvin Kate၊ သီဟထွန်း၊ အေးဝတ်ရည်သောင်း၊ အေးမြတ်သူ၊ ညီနန္ဒ၊ မထက်၊ မေဦးမောင်၊ ခြူးပန်းနွယ်၊ သားငယ်၊ အောင်ထက်၊ နန်းသူဇာ၊ သွင်ပပအောင်၊ သဇင်နွယ်ဝင်း တို့ ဖြစ်ပါတယ်။

CDM လှုပ်ရှားမှုနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြပြီး Facebook လူမှုကွန်ရက်ကတဆင့် အာဏာရှင်ဆန့်ကျင်ဖို့ ရေးသားဖော်ပြခဲ့ကြတဲ့ အနုပညာရှင်တွေကို ဧပြီ ၂ ရက်ကစပြီး ပုဒ်မ ၅ဝ၅(က)နဲ့ စစ်ကောင်စီက တရားစွဲဆို အမှုဖွင့်ခဲ့တာပါ။ အခု အမှုရုပ်သိမ်းလိုက်တဲ့ အနုပညာရှင်တွေကတော့ ပယောဂတစုံတရာကြောင့် ဒီလိုလှုပ်ရှားမှုတွေကို လုပ်ခဲ့ကြရတာလို့ ယူဆတဲ့အတွက် အမှုဖွင့် တရားစွဲထားတာကို ရုပ်သိမ်းပေးရတာဖြစ်ကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီအနုပညာရှင်တွေအနေနဲ့ အလားတူလုပ်ရပ်တွေကို ဆက်လက်လုပ်ဆောင်မယ်ဆိုရင် တည်ဆဲဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တယ်လို့လည်း ကြေညာသွားပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဇွန်လ ၂ဝ ရက်နေ့အထိ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူတွေထဲက ပထမဦးစားပေး ပြန်လည်စေလွှတ်ပေးသင့်သူတွေကိုလည်း အမှုရုပ်သိမ်းနိုင်ဖို့ စိစစ်ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ကြဖို့ ဝန်ထမ်းတွေကို စည်းရုံးခဲ့တဲ့ နာမည်ကြီးအနုပညာရှင်တွေ အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတဲ့ အလွှာအသီးသီးက အနုပညာရှင် အယောက် ၁၀၀ ကျော် ဖမ်းဝရမ်းအထုတ်ခံထားရပြီး ၁၇ ယောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ဖမ်းဝရမ်းအထုတ်ခံထားရတဲ့ အနုပညာရှင်တချို့ကတော့ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေအထိ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

371  Views
Previous: ဒေါ်အောင်ဆန်းစုကြည်အမှု ခန့်မှန်းတာထက် ပိုကြာနိုင်
Next: စိတ်ထားကောင်းသော မွန်ဆီညော် ဘုန်းဘုန်း မာတင်းဆွန်ခန့်မုန် ပျံလွန်တော်မူ