အမေရိကန်စစ်ဦးစီးချုပ်များဥက္ကဌက တရုတ်စစ်ဦးစီးချုပ်ကို အကြိမ်ကြိမ် ဖုန်းခေါ်ဆိုပြီး စစ်မတိုက်မယ့်အကြောင်း ပြောဆို

စာရေးသူတွေက အရင်က အမေရိကန်သမ္မတနစ်ဆင်ကို ဖြုတ်ချခဲ့ဖူးတဲ့ ဝါးတားဂိတ်အင်ဗက်စတီ‌ဂေးတစ်သတင်းထောက်တွေ ဖြစ်ပါတယ်။ (သမ္မတပြီးရင်) အမေရိကန်စစ်တပ်ရဲ့ ရာထူးအမြင့်ဆုံးဗိုလ်ချုပ်ကြီး ထုတ်ဖော်ပြောပြထားတာတွေအပါအ၀င် နိုင်ငံရေးစစ်ရေးထိပ်သီးအခရာကျသူတွေနဲ့ အင်တာဗျူးတွေ၊ မှတ်စုတွေ၊ အထောက်အထားမှတ်တမ်းတွေကိုအခြေခံပြီး စုံစမ်းထောက်လှမ်းဖော်ထုတ်ထားတဲ့ ထရမ့်-ဘိုင်ဒန် အာဏာအကူးအပြောင်းကာလအကြောင်း အချက်အလက်မှန် ဖြစ်ရပ်မှန် စာအုပ်တအုပ်ဖြစ်ပါတယ်။ အများပြည်သူကို ၂၀၂၁ စက်တင်ဘာ ၂၁ ရက် ဖြန့်ချိထုတ်ဝေမှာဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ ရွေးကောက်ပွဲရှုံးမဲမဲပြီး စိတ်ဂယောင်ခြောက်ခြားနဲ့လျှောက်လုပ်နေတဲ့ ထရမ့်က တရုတ်ကိုနျူကလီးယားလက်နက်နဲ့လှမ်းပစ်တာ၊ ပစ်ဖို့အမိန့်ပေးတာ၊ စစ်ပွဲဖန်တီးတာတွေလုပ်မှာကို အမေရိကန်စစ်တပ်ကစိုးရိမ်ပြီး၊ စစ်မဖြစ်အောင်ကာကွယ်ခဲ့တဲ့ အမေရိကန်စစ်ဘက်အကြီးအကဲရဲ့ ဆုံးဖြတ်ရပ်တည်ချက်ကို တွေ့နိုင်ပါတယ်။ အထူးသဖြင့် အမေရိကန်စစ်ဦးစီးချုပ်များဥက္ကဌက တရုတ်စစ်ဦးစီးချုပ်ကို အကြိမ်ကြိမ် ဖုန်းခေါ်ဆိုပြီး စစ်မတိုက်မယ့်အကြောင်း ပြောခဲ့တဲ့အကြောင်းပါ။

အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဌ ဗိုလ်ချုပ်ကြီးMark Milley, တရုတ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးLi Zuocheng

စစ်တပ်က အရပ်ဘက်အုပ်ချုပ်မှုအောက်ရှိတဲ့ အမေရိကန်မှာ သမ္မတဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်း ဖြစ်ပါတယ်။ သမ္မတပြီးရင် စစ်ဘက်ဆိုင်ရာမှာအကြီးဆုံးဖြစ်တဲ့ အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဌ ဗိုလ်ချုပ်ကြီးMark Milleyဟာ တရုတ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးLi Zuochengကို နှစ်ကြိမ်ဖုန်းခေါ်ခဲ့ပါတယ်။
အမေရိကန်ထောက်လှမ်းရေးရဲ့တွေ့ရှိချက်အရ- ဘိုင်ဒင်ကိုနိုင်ဖို့ နောက်ဆုံးအကွက်အဖြစ် နာမည်‌လက်ဝါးကြီးအုပ်ဖြေရှင်းခွင့်ရမယ့် နိုင်ငံတကာပဋိပက္ခတခုဖန်တီးဖို့အတွက် စစ်ရေးတိုက်ခိုက်မှုကို ထရမ့်က စီစဉ်နေပြီဆိုပြီး တရုတ်ထိပ်ပိုင်းခေါင်းဆောင်တွေက ယုံကြည်နေခဲ့ကြတယ်လို့ ဆိုပါတယ်။ အမေရိကန်ရဲ့မတည်ငြိမ်မှုနဲ့ ထရမ့်ရဲ့စိတ်နေစိတ်ထားအရ တရုတ်ကိုစစ်ရေးအရတိုက်ခိုက်မှု အချိန်မရွေးထလုပ်နိုင်တယ်ဆိုပြီး တရုတ်ဘက်က ခန့်မှန်းပြင်ဆင်စောင့်ကြည့်နေချိန်တွေလည်း ဖြစ်ပါတယ်။ ၁၉၃၃ခုနှစ်က ဟစ်တလာလုပ်ခဲ့သလို အရေးပေါ်အာဏာအသုံးချပြီး ‌ရာထူးမြဲ‌အောင်အလွဲသုံးစားလုပ်ခဲ့ပုံ သဏ္ဍာန်တူမျိုး ထရမ့်လည်း လုပ်တော့မယ်လို့ ထောက်လှမ်းရေးတွေက တွေ့ရှိခဲ့ကြတယ်။
ထရမ့်ရွေးကောက်ပွဲရှုံးခါနီး ၂၀၂၀ အောက်တိုဘာ(၃၀)ရက်နဲ့ ထရမ့်လူတွေ အမေရိကန်လွှတ်‌တော်အဆောက်အအုံကို၀င်စီးနင်းမှုဖြစ်ပွားပြီး နှစ်ရက်အကြာ ၂၀၂၁ ဇန်နဝါရီ(၈)ရက်တို့မှာ အမေရိကန်နဲ့တရုတ် စစ်ဦးစီးချုပ်တွေ ဖုန်းခေါ်ခဲ့ကြပါတယ်။
“ ခင်ဗျားတို့ကို ကျနော်တို့က ဘယ်လိုစစ်ဆင်ရေးမျိုးမှ တိုက်ခိုက်မှာ မဟုတ်ဘူး၊ လုပ်ဆောင်မှာ မဟုတ်ဘူး” လို့ အောက်တိုဘာလ ဖုန်းခေါ်ဆိုမှုမှာ အမေရိကန်စစ်ဦးစီးချုပ်များဥက္ကဌက တရုတ်စစ်ဦးစီးချုပ်ကို ပြောခဲ့ပါတယ်။ တရုတ်သမ္မတရှီကျင့်ဖျင်ကို တဆင့်ခံ ရည်ရွယ်ပြောခဲ့တာပါပဲ။
အဲဒီ့ဖုန်းခေါ်ဆိုမှုပြီး နှစ်လကြာပြီးနောက်မှာ- အမေရိကန်လွှတ်တော်ကို ထရမ့်လူတွေ၀င်ရောက်စီးနင်းမှုဖြစ်ပွားပါတယ်။ ထရမ့် ရမ်းချင်တိုင်းရမ်းပြီး တရုတ်ကိုသော်လည်းကောင်း အီရန်ကို‌သော်လည်းကောင်း နျူကလီယားခလုတ်နှိပ် ပစ်ခတ်ပြီး စစ်ပွဲဖန်တီးမယ့်အန္တရာယ်ဖြစ်နိုင်ခြေကို စိုးရိမ်မှုတွေ ရှိကြပြန်ပါတယ်။ စိုးရိမ်သူတွေထဲမှာ ထောက်လှမ်းရေးအကြီးအကဲ၊ ကာကွယ်ရေး၀န်ကြီး၊ ရှေ့နေချုပ်၊ ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဌ အစရှိသူတွေလည်း ပါ၀င်ပါတယ်။
လွှတ်တော်စီးနင်းခံရပြီး နောက်တရက် ဇန်နဝါရီ(၇)ရက်မှာ လွှတ်တော်ဥက္ကဌနန်စီပယ်လိုစီက အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဌကို ဖုန်းခေါ်ဆိုပြီး ရွေးကောက်ပွဲရလဒ်ကို ထရမ့်ငြင်းဆန်နေတဲ့အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီ့ဖုန်းပြောတဲ့မှတ်တမ်းကိုလည်း သတင်းထောက်တွေက ဖော်ပြခဲ့ကြပါတယ်။
“ စိတ်မတည်ငြိမ်တဲ့သမ္မတတယောက် စစ်မက်ပြုမှုကနေ တားဆီးနိုင်ဖို့ (သို့မဟုတ်) နျုကလီယားပစ်ခတ်တဲ့ကုဒ်တွေ ၀င်ရောက်ခွင့်ရပြီး နျူကလီယားတိုက်ခိုက်မှုအမိန့်ပေးတာကနေ တားဆီးနိုင်ဖို့ ဘာကြိုတင်ကာကွယ်မှုတွေ ရနိုင်မလဲ။”
လို့ လွှတ်တော်ဥက္ကဌက မေးခဲ့ပါတယ်။
“ သူ(ထရမ့်)က လွှတ်တော်ကို ကျုးလွန်တိုက်ခိုက်တာကိုတောင် မတားဆီးနိုင်ကြရင်၊ သူ တခြားဘာတွေလုပ်နိုင်မလဲဆိုတာရော ဘယ်သူသိမလဲ” လို့လည်း‌ ပြောပါတယ်။
“ သူက စိတ်နောက်စိတ်‌ဖောက်အရူး။ သူ စိတ်နောက်ရူးတာ ရှင်သိပါတယ်… သူ မနေ့ကလုပ်ခဲ့တာဟာ သူ့ရူးမိုက်မှုရဲ့ နောက်ထပ်သက်သေပဲ။” လို့ လွှတ်တော်ဥက္ကဌနန်စီပယ်လိုစီက ပြောပါတယ်။
ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဌက –
“ မဒမ်ဥက္ကဌကြီးခင်‌ဗျာ – ဒီကိစ္စအရာအားလုံးမှာ ကျနော် ခင်ဗျားနဲ့ သဘောတူပါတယ်။”
လို့ ပြန်ပြောခဲ့ပါတယ်။ သမ္မတရဲ့ အစွန်းရောက်ပြင်းထန်အပြုအမူကို ကြိုတင်ဟန့်တားဖို့အတွက် စနစ်မှာ ထိန်းကြောင်းစစ်ဆေးမှု အများအပြားရှိခဲ့ကြောင်းလည်း ပြောခဲ့တယ်။ ထရမ့်ရဲ့ အဲဒီ့လိုရူးမိုက်ပြီးတရားမ၀င်တဲ့ စစ်ဘက်ဆိုင်ရာလုပ်ရပ်ကို တားဆီးမယ်လို့လည်း အာမခံခဲ့ပါတယ်။
အဲဒီ့နောက်တရက်မှာ အမေရိကန်စစ်တပ်အကြီးအကဲဟာ တရုတ်စစ်တပ်အကြီးအကဲကို ထပ်မံ လျှို့ဝှက်ဆက်သွယ်ခဲ့ပါတယ်။
“ အရာရာက မတည်ငြိမ်တဲ့ပုံ ပေါက်နိုင်ပါတယ်။ ဒါပေမယ့် ဒါက ဒီမိုကရေစီရဲ့သဘာ၀ပါပဲ ဗိုလ်ချုပ်ကြီးလီရေ။ ကျနော်တို့ ၁၀၀ ရာခိုင်နှုန်း တည်ငြိမ်ပါတယ်။ အရာအားလုံး အဆင်ပြေပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီဆိုတာက တခါတလေ လျော့တိလျော့ရဲ မသပ်မရပ် ဖြစ်တတ်တာပေါ့ဗျာ။” လို့ အမေရိကန်ဗိုလ်ချုပ်ကြီးကပြောပြီး စစ်တိုက်ဖို့ မရှိကြောင်း အသိပေးပါတယ်။
ဇန်နဝါရီ(၈)ရက် ဖုန်းခေါ်ဆိုမှုမှာ တရုတ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးလီက – အမေရိကန်အစိုးရ မတည်ငြိမ်တာကို တရုတ်ခေါင်းဆောင်တွေက စိုးရိမ်ပူပင်ကြောင်း ဆိုခဲ့ပါတယ်။
တနာရီခွဲလောက်ကြာအောင် – စစ်ဘက်အရေးယူဆောင်ရွက်မှု လုပ်မှာလား မလုပ်ဘူးလားဆိုတာကို တရုတ်စစ်ဦးစီးချုပ်က အသားပေးပြောဆိုနေခဲ့တယ်။ အခြေအနေက စိုးရိမ်ဖွယ်ရာဖြစ်ပြီး တရုတ်စစ်ဦးစီးချုပ်ဟာ ပုံမှန်မဟုတ် စိတ်လှုပ်ရှားကတောက်ကတက်ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။
ထရမ့်က စစ်ပွဲကြီးတိုက်ချင်တာထက် စစ်ဘက်ဆိုင်ရာတိုက်ခိုက်မှုတခုခု ပစ်လွှတ်တိုက်ပြလိုက်ချင်ပြီး အားလုံးရဲ့အကြီးအကျယ်တုံ့ပြန်မှုရချင်တာ စစ်ပွဲဆီဦးတည်သွားစေနိုင်တာမျိုး ဖြစ်နေခဲ့တယ်လို့ဆိုတယ်။ ဒါကြောင့် – တိုက်ခိုက်တဲ့နေရာ၊ တိုက်ခိုက်တဲ့အရာ အပေါ်မူတည်ပြီး စစ်ပွဲထဲ‌ရောက်သွားတာကြုံရလိမ့်မယ်လို့ သမ္မတကို ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဌက အကြိမ်ကြိမ် သတိပေးပြောခဲ့ရပါသတဲ့။
ထရမ့်အခြေအနေကို စိုးရိမ်နေတဲ့ အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဌဟာ ပင်တဂွန်စစ်ဌာနချုပ်မှာ ထိပ်တန်းစစ်ဦးစီးချုပ်တွေအားလုံးကို အရေးကြီးအစည်းအဝေးခေါ်ခဲ့ပါတယ်။ သမ္မတအမိန့်ပေးတိုင်း စစ်မဖြစ်ဖို့နဲ့ သမ္မတက နျူကလီးယားလက်နက်သုံး ပစ်ခတ်တာ မလုပ်နိုင်အောင် စီစဉ်ခဲ့ပါတယ်။ တရုတ်အပေါ်ခြိမ်းခြောက်မှုအဖြစ် ဘေဂျင်းက ရှုမြင်နိုင်တဲ့ အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ်စစ်ဌာနချုပ်က စစ်ရေးလေ့ကျင့်မှုတွေကို ယာယီရွှေ့ဆိုင်းစေခဲ့ပါတယ်။ အကယ်၍ ထရမ့်က နျူကလီးယားတိုက်ခိုက်ဖို့ အမိန့်ပေးတဲ့အခါ လုပ်ထုံးလုပ်နည်းအတိုင်း အလုပ်ပြ အချိန်ဆွဲပြီး၊ လုပ်ထုံးလုပ်နည်းထဲမှာ ပူးတွဲစစ်ဦးစီးချုပ်ပါ၀င်မှုရှိဖို့၊ ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဌ မပါဘဲ ပစ်ခတ်တာမလုပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။
အမေရိကန်စစ်တပ်ကွန်မန်ဒါတွေအပြင်၊ စီအိုင်အေထောက်လှမ်းရေးအကြီးအကဲ၊ အမျိူးသားလုံခြုံရေးအေဂျင်စီအကြီးအကဲ အပါအ၀င် အခြားအခရာကျတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံပြီး ထရမ့်က မဲမဲမြင်ရာ ရမယ်ရှာပြီး စစ်ပွဲဖန်တီးမယ့်လုပ်ရပ်ကို သတိဝိရိယထား နေကြဖို့ ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။
စီအိုင်အေအကြီးအကဲအပါအ၀င် ကျန်လူတွေကလည်း တသဘောတည်း စိတ်ပူနေခဲ့ကြတယ်။ သမ္မတဆက်လုပ်ဖို့ လမ်းရှာတဲ့အနေနဲ့သော်လည်းကောင်း၊ ရမယ်ရှာ လွှဲချတဲ့အနေနဲ့သော်လည်းကောင်း၊ တရုတ် သို့မဟုတ် အီရန်ကို ထရမ့်က တိုက်ခိုက်မှုလုပ်လိမ့်မယ်လို့ သူတို့ရှုမြင်စိုးရိမ်ခဲ့ကြတယ်။
“ ဒါဟာ သိပ်ကိုအန္တရာယ်များတဲ့အခြေအနေတခုပါပဲ။ သူ့အတ္တအတွက် တို့တတွေက တိုက်ခိုက်ရမယ်ပေါ့။” လို့ စီအိုင်အေ အကြီးအကဲကလည်း ဆိုပါတယ်။
အဲဒီ့လိုနဲ့ သူတို့ဟာ သမ္မတထရမ့်ရဲ့စစ်မက်ပြုမယ့်လှုပ်ရှားမှုတွေကို နောက်ကွယ်ကနေ တားဆီးခဲ့ကြပါတယ်။
အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဌဗိုလ်ချုပ်ကြီးရဲ့ အခုလိုဆောင်ရွက်ခဲ့ပုံတွေကို အခုထွက်တဲ့ Perilစာအုပ်မှာ ဖတ်လိုက်ရတဲ့အခါ ရီပက်ဘလစ်ကန်တွေက ဒေါသူပုန်ထနေကြပါတယ်။ အထူးသဖြင့် ထရမ့်အမာခံတွေပေါ့။ ရီပက်ဘလီကန်လွှတ်တော်ကိုယ်စားလှယ်တွေက သမ္မတဘိုင်ဒန်ဆီ စာပို့ပြီး ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဌကို ရာထူးကနေ ချက်ချင်းဖြုတ်ပစ်ဖို့ တောင်းဆိုနေကြပါတယ်။ အမေရိကန်ပြည်ထောင်စုလက်နက်ကိုင်အဖွဲ့အားလုံးရဲ့တပ်ချုပ်ထရမ့်ကို ကဖျက်ယဖျက်လုပ်ခဲ့မှု၊ တရုတ်ကွန်မြူနစ်ပါတီကို လျှို့ဝှက်သတင်းတွေ နိုင်ငံ‌တော်သစ္စာဖောက်ပေါက်ကြားစေမှု စသဖြင့် အကြီးအကျယ်စွပ်စွဲနေကြပါတယ်။
စာအုပ်ရေးသားသူ သတင်းထောက်တွေကတော့ ဒီအချက်ကို ထည့်ရေးခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးဟာ သူ့လုပ်ပိုင်ခွင့်အာဏာကို ဘောင်ကျော်ခဲ့ပြီး သူ့ကိုယ်သူ ထူးကဲတဲ့ဩဇာအာဏာထူထောင်ယူခဲ့တယ်လို့ တချို့က ပြောပါလိမ့်မယ်၊ ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာဖွဲ့စည်းပုံစနစ်မှာ သမိုင်း၀င်အကွဲအပြဲ မဖြစ်အောင်၊ တရုတ် သို့မဟုတ် တခြားနိုင်ငံတွေနဲ့ မတော်တဆစစ်ပွဲ မဖြစ်အောင်၊ နျူကလီယားလက်နက်တွေ အသုံးမပြုအောင် သူဟာ မှန်ကန်စွာလုပ်ဆောင်နေခဲ့တယ်လို့ သူယုံကြည်ခဲ့တယ်လို့ ရေးထားကြပါတယ်။
ဒီမိုကရက်တစ်တွေကတော့ အခုလိုတရုတ်နဲ့စကားပြောပြီး စစ်ပွဲကိုတားဆီးခဲ့တဲ့လုပ်ရပ်ဟာ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ပဲလို့ ပြောနေကြပါတယ်။ ဥပဒေကို မချိုးဖောက်တဲ့အပြင် ဥပဒေကိုလေးစားလွန်းရာ ဥပဒေညီလွန်းရာတောင် ရောက်သေးတယ်လို့ ဆိုနေကြပါတယ်။ ကမ္ဘာကြီးကိုအဆုံးသတ်စေမယ့် ကမ္ဘာစစ်ကြီးဖြစ်မယ့်အနေအထားကြုံတဲ့အခါ ထိုးထွင်းတီထွင်ဖန်တီးတဲ့အိုင်ဒီယာတွေ အသုံးချသင့်တယ်လို့ ဆိုပါတယ်။
(စာအုပ်မှာ အာဏာအကူးအပြောင်းကာလနဲ့ အာဖဂန်နစ္စတန်က‌နေ အမေရိကန်တပ်ရုပ်သိမ်းမှုအထိ ပါပါတယ်။ ဒီစာအုပ်ကို အများပြည်သူကို ၂၀၂၁ စက်တင်ဘာ ၂၁ ရက်မှာ ဖြန့်ချိထုတ်ဝေမှာဖြစ်ပါတယ်။)
နွေဦးသပြေ
စက်တင်ဘာ ၁၅၊ ၂၀၂၁
517  Views
Previous: အင်္ဂလီကန်ဆရာတော်တစ်ပါးက ကက်သလစ်သာသနာသို့ကူးပြောင်းလာမည်
Next: Myanmar anti-coup protesters attack more cell towers