အာဆီယံအထူးကိုယ်စားလှယ်နဲ့ နိုင်ငံရေးပါတီအချို့ တွေ့ဆုံပွဲ ရွှေ့ဆိုင်း

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် အီရွန်ယူစွပ်ဖ်နဲ့ နိုင်ငံရေးပါတီအချို့ အောက်တိုဘာ ၁၂ ရက်နေ့ ဒီကနေ့ နေ့လယ်ပိုင်း တွေ့ဆုံဖို့အစီအစဉ်ကို မနက်ဖြန်ရွှေ့ဆိုင်းလိုက်တယ်လို့ တွေ့ဆုံပွဲမှာပါဝင်မယ့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဘိုဝင်းက RFA ကို ပြောပါတယ်။

“ဒီမနက်မှာပဲ UEC ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားလာပါတယ်၊ အထူး ကိုယ်စားလှယ်ကတော့ ရောက်နေပြီလို့ ကျွန်တော်တို့ သိထားတယ်၊ သူ့မှာ ဒီနေ့ အခြားအစီအစဉ်ရှိနေလို့ ရက်နောက်ဆုတ်လိုက်တာပေါ့။ ဘာအစီအစဉ်လဲ ကျွန်တော်တို့ မသိပါဘူး၊ ဆွေးနွေးပွဲ ပျက်သွားတာတော့ မဟုတ်ပါဘူး၊ မနက်ဖြန်မှာ တွေ့မယ်၊ တွေ့မယ့်အချိန်ကိုတော့ ပြန်အကြောင်းကြားမယ်လို့ ပြောပါတယ်” လို့ ဦးဘိုးဝင်းက ဆိုပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ နေပြည်တော်အခြေစိုက်ပါတီတွေဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP)၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ် ပါတီ (DNP)၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (NDU) တို့အပြင် ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ (SNDP) နဲ့ နောက်ထပ်ပါတီ သုံးခု ပါဝင်တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ပြုလုပ်တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာနဲ့ပက်သတ်ပြီး သဘောတူညီချက် ငါးချက် ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြ ဖို့၊ ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေတစ်ခုရအောင် သက်ဆိုင်သူအားလုံး အပြုသဘော ဆွေးနွေးကြဖို့၊ အာဆီယံ အတွင်းရေးမှူးချုပ်ရဲ့ အကူအညီနဲ့ ဆွေးနွေးရေးလုပ်ငန်းစဉ် အကောင်အထည် ဖော်နိုင်အောင် အာဆီယံ ဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်တစ်ယောက်က ကြားဝင်ညှိနှိုင်းပေးဖို့၊ အာဆီယံ အသင်းရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဌာနကတဆင့် မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့၊ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့ အာဆီယံ အထူးကိုယ်စားလှယ်နဲ့အဖွဲ့ကို မြန်မာနိုင်ငံထံ စေလွှတ်ဖို့ စတဲ့အချက်တွေဖြစ်ပါတယ်။

အီရွန်ယူစွပ်ဖ်ဟာ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) ဖြစ်ပြီး သြဂုတ်လ ၄ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

316  Views
Previous: အာရှသမ္မာတရားအသံလွှင့်ဌာန၊ အာဗီအေမိုဘိုင်းအက်ပ်အသစ်ဖွင့်လစ်ပြီ
Next: အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ညှိနှိုင်းနေကြောင်း NCA လက်မှတ်ထိုး ၁၀ ဖွဲ့ ပြော