အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ညှိနှိုင်းနေကြောင်း NCA လက်မှတ်ထိုး ၁၀ ဖွဲ့ ပြော

အာဆီယံ အထူးကိုယ်စားလှယ်နဲ့ လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ ညှိနှိုင်းနေတယ်လို့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ဦးဆောင်မှုအလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်းက အောက်တိုဘာ ၁၂ ရက် ဒီကနေ့မှာ ပြောပါတယ်။

NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်တဲ့ PPST ရဲ့ ၂၀၂၁ ခုနှစ်အတွင်း အကြိမ် ၂၀ မြောက် အစည်းအဝေးကို အွန်လိုင်းကနေ ဒီကနေ့ စတင်ကျင်းပနေတာဖြစ်ပြီး မနက်ဖြန်မှာ ပြီးဆုံးမှာဖြစ်ပါတယ်။

အဲဒီ အစည်းအဝေး အဖွင့်မိန့်ခွန်းမှာပဲ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ အာဆီယံ အထူးကိုယ်စား လှယ် အီရွန်ယူစွပ်ဖ်နဲ့ လက်တွဲပူးပေါင်းဖို့ ညှိနှိုင်းနေတယ်လို့ နိုင်အောင်မင်းက ထည့်သွင်းပြောခဲ့တာပါ။

“လက်ရှိ ပြည်တွင်းနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေး ကြိုးပမ်းနည်းလမ်းရှာနေတဲ့ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ နည်းလမ်းရှာနေသလို တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် NCA စာချုပ် အသိသက်သေနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့လည်း ကြိုးပမ်းညှိနှိုင်း ဆောင်ရွက်နေပါတယ်၊ ဒီဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်တွေ ဆောင်ရွက်နေပါတယ်” လို့ နိုင်အောင်မင်းက ဆိုပါတယ်။

လက်ရှိကျင်းပနေတဲ့ PPST အစည်းအဝေးကနေ အောက်တိုဘာ ၁၅ ရက်မှာ ကျရောက်မယ့် NCA ခြောက်နှစ် ပြည့် အခမ်းအနားကို ကျင်းပဖို့ သင့်၊ မသင့်ဆိုတာကိုလည်း ဆုံးဖြတ်သွားမယ်လို့ နိုင်အောင်မင်းက ပြောပါ တယ်။

NCA စာချုပ်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP) တို့ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့က လက်မှတ်ရေးထိုးထား ပါတယ်။

373  Views
Previous: အာဆီယံအထူးကိုယ်စားလှယ်နဲ့ နိုင်ငံရေးပါတီအချို့ တွေ့ဆုံပွဲ ရွှေ့ဆိုင်း
Next: ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က (၂) နှစ်တာ ကျင်းပမည့် တကမ္ဘာလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများ၏ဓမညီလာခံအတွက် “တွေ့ဆုံ၊ နားထောင်၊ ပိုင်းခြားသိမြင်ရန်” ဟု တိုက်တွန်းတော်မူ