အာဆီယံ ဆုံးဖြတ်ချက်ဟာ ဘေးထွက်ဆိုးကျိုးဖြစ်လာမယ်လို့ စစ်ကောင်စီဆို

အာဆီယံ အစည်းအဝေးတက်ဖို့ ကိုယ်စားလှယ်ဆုံးဖြတ်တဲ့ကိစ္စဟာ အာဆီယံရဲ့ စည်းလုံးညီညွတ်မှုနဲ့ ဗဟို ပြုမှုကို ထိခိုက်စေမယ့် ဘေးထွက်ဆိုးကျိုးဖြစ်လာလိမ့်မယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၆ ရက်နေ့ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က အာဆီယံ အထူးအစည်းအဝေးမှာ ကိုယ်စားပြုမှုကိစ္စကို ဆွေးနွေးခဲ့ကြတာဟာ အာဆီယံ ပဋိညာဉ်စာတမ်းနဲ့ အခြေခံမူမှာ မပါဝင်လို့ ဆွေးနွေးဖို့မလိုဘူးလို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောခဲ့ပါတယ်။

ဒါ့အပြင် အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ကို ဆောင်ရွက်တာဟာ မြန်မာနိုင်ငံအပေါ် ဖိအားပေးနေတာဖြစ်လို့ ဘေးထွက်ဆိုးကျိုးပဲဖြစ်စေလိမ့်မယ်လို့ ဦးဝဏ္ဏမောင်လွင်က အထူးအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ဒီလိုမျိုး စစ်ကောင်စီဘက်က သဘောတူညီမှုမရှိဘဲ ဆောင်ရွက်ခဲ့တာကို ကန့်ကွက်သလို အာဆီယံရဲ့ ရည်ရွယ်ချက်နဲ့သွေဖယ်နေလို့ လွန်စွာစိတ်ပျက်မိတယ်လို့လည်း ဖော်ပြထားပါတယ်။

လာမယ့် အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်နေ့အထိ ဘရူနိုင်းနိုင်ငံမှာ ကျင်းပဖို့ ရှိနေတဲ့ အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံကနေ နိုင်ငံရေးအရမဟုတ်တဲ့ ကိုယ်စားလှယ်တစ်ယောက် (non-political representative) ကို ဖိတ်ခေါ်ဖို့ရှိနေတယ်လို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရုနိုင်းနိုင်ငံက ရိုက်တာ သတင်းဌာနကို ပြောဆိုထားပါတယ်။

အာဆီယံကနေ ဖိတ်ကြားမယ့် ကိုယ်စားလှယ်နဲ့ ပတ်သက်လို့တော့ ဘယ်လိုလူဖြစ်မလဲဆိုတာကို ကွဲကွဲပြားပြား ပြောဆိုထားတာတော့ မရှိသေးပါဘူး။

327  Views
Previous: မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်မရ
Next: အကျဉ်းကျနေသူနှင့် အမှုရင်ဆိုင်နေရသူ ငါးထောင်ကျော်ကို စစ်ကောင်စီ ပြန်လွှတ်