AA လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ်မှရုပ်သိမ်းကြောင်း စစ်ကောင်စီအဖွဲ့ကြေညာ

ဆလိုင်းကုန်ဇမှုန်း

ရက္ခိုင့်တပ်တော်(Arakan Army: AA) လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ပြန်လည်ရုပ်သိမ်းကြောင်း အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခံထားရတဲ့  စစ်ကောင်စီက မတ်လ ၁၁ ရက်မှာ ကြေညာလိုက်ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆ ၊ ပုဒ်မခွဲ (င) နဲ့ ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ သဘောတူညီချက်နဲ့  ခုလိုလုပ်ဆောင်တာလို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အေအေအဖွဲ့ဟာ အခုအခါမှာ အကြမ်းဖက်လုပ်ငန်းတွေ ပြုလုပ်ခြင်းမပြုတော့သလို စစ်ကောင်စီကချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ ဦးတည်ချက် ၉ ရပ်တို့နဲ့အညီ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးတည်ဆောက်ဖို့ မတ်လ ၁၁ ရက်မှ စပြီး အကြမ်းဖက်အုပ်စု အဖြစ်ကနေ ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ အမိန့်စာမှာဖော်ပြပါတယ်။

ရက္ခိုင့်တပ်တော် ( ULA/ AA) ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်မှာ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခဲ့တာဖြစ်ပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်နေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ( CRPH)က အကြမ်းဖက်အုပ်စုအဖြစ်  မတ်လ ၁ ရက်နေ့စွဲနဲ့ ကြေညာထားပါတယ်။

465  Views
Previous: သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဝန်ကြီးချုပ် ၃ ဦးကို အဂတိကော်မရှင်က စုံစမ်းစစ်ဆေးနေဟု အာဏာသိမ်း စစ်ကောင်စီပြော
Next: မည်သည့်ကြားဝင်ဆွေးနွေးပေးမှုကိုမျှ လက်မခံဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြေညာ