ကျောက်စိမ်းမြေဖားကန့်ဒေသတွင် သမ္မာကျမ်းစာသင်တန်းများ ပြုလုပ်ပေး

004-b

ကချင်ပြည်နယ်၊ မြစ်ကြီးနားကက်သလစ်ဆရာတော်ပိုင်သာသနာ၊ ဖားကန့်မြို့ပေါ်နှင့် ဆိုင်းတောင်-မောရှမ် ရွာတို့တွင် အောက်တိုဘာလ ၁-၈ ရက်နေ့ အထိ အခြေခံသမ္မာကျမ်းစာဝေမျှခြင်းဆိုင်ရာ သင်တန်းကို သီလရှင် အက်စတာ ခွန်ဘောက်နှင့်ဆရာဇော်မော်တို့က သာမန်ကက်သလစ်ခရစ်ယန် ဘာသာဝင်များအတွက် ကျင်းပပြုလုပ်ခဲ့ကြသည်။ ၎င်းသင်တန်းကို နှစ်နေရာတွင် ကျင်းပခဲ့ကြရာ ဖားကန့် မြို့ပေါ်တွင်မူ အောက်တိုဘာလ ၁-၄ ရက်နေ့အထိ၊ ဒုတိယနေရာဖြစ်သော ဆိုင်းတောင်-မောရှမ်ရွာတွင်မူ အောက်တိုဘာလ ၅-၈ ရက်နေ့အထိ သီးခြားစီ ကျင်းပပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

အောက်တိုဘာလ ၁-၄ ရက်နေ့အထိ ဖားကန့် မြို့ပေါ်တွင်မူ ပြုလုပ်သော ၎င်းသင်တန်းတွင် သင်တန်းတက်ရောက်သူပေါင်း ၇၀ ကျော်ပါကြောင်း၊ အောက်တိုဘာလ ၅-၈ ရက်နေ့အထိ ဆိုင်းတောင်-မောရှမ်ရွာတွင်ပြုလုပ်သော ၎င်းသင်တန်းတွင်မူ  သင်တန်းတက် ရောက်သူပေါင်း ၉၀ ကျော်ကြောင်းဖြင့် တယ်လီဖုန်းဖြင့် လှမ်းဖြေပေးသည်။ သင်တန်းတက်ရောက်မည့်သူများ၏ အသက်အရွယ်ကိုမူ မကန့်သတ်ထားသော်လည်း သင်တန်းတက်ရောက်လာသူအများစုမှာ လူကြီး (အသက် ၃၀ ကျော်အထက်) ပိုင်းက ပိုများကြောင်း သိရှိရသည်။

၎င်းသင်တန်းနှင့်စပ်လျဉ်းပြီး ဖက်စ်ဘွတ်ပေါ်တွင် သင်တန်းသူ/သားများ အဖွဲ့လိုက်ဓါတ်ပုံများ တင်ထားသည်ကို တွေ့ရှိရသောကြောင့် ဖက်စ်ဘွတ်ပိုင်ရှင်အား တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ခြင်း ဖြစ်သည်။ အယ်ဒီတာချုပ်က အဘယ်ကြောင့် ယခုကဲ့သို့သော သင်တန်းမျိုးကို လိုက်လံပေးဝေနေရကြောင်းကို တယ်လီဖုန်းဖြင့် လှမ်းဆက်သွယ်မေးမြန်းရာတွင် သီလရှင် အက်စတာ ခွန်ဘောက်က ““ဒုတိယဗာတီကန်ကောင်စီ အစည်းအဝေးရဲ့ဆုံးဖြတ်ချက်ထဲက တစ်ခု ဖြစ်တဲ့ သမ္မာကျမ်းစာတော်မြတ်ကို ခရစ်ယာန်ဘာသာဝင်တွေအားလုံး မြတ်မြတ်နိုးနိုး ဖတ်ရှုလေ့လာရန် တိုက်တွန်းခဲ့ပေမယ့် လက်တွေ့မှာက ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေဟာ သမ္မာကျမ်းစာဖတ်ရှုခြင်း မျိုး အားနည်းနေတာကို တဖန် သမ္မာကျမ်းစာ ဖတ်ရှုလေ့လာမှုတွေ ပိုပြီးအားတက်လာအောင် ရည်ရွယ်ပြီး လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း၊ အဲဒီလို သင်တန်းပေးတဲ့နေရာမှာ ဘာသာရပ် (၃) ခုရှိပြီး အဲဒါတွေကတော့ သမ္မာကျမ်းစာရဲ့နောက်ခံသမိုင်း Bible background ကို ရှင်းပြခြင်း၊ သမ္မာကျမ်းစာကို လေ့လာခြင်း Bible Scanning နှင့်သမ္မာကျမ်းစာကို ဖတ်ရှုဝေ Bible reading and sharing မျှခြင်း ဆိုပြီး လုပ်ခဲ့ကြပါကြောင်း”” ဖြင့် အားပါးတရ ဖြေကြားပေးလေသည်။

၎င်းသင်တန်းပြုလုပ်ခြင်းအပေါ် မည်ကဲ့သို့သုံးသပ်ကြောင်းဖြင့် မေးမြန်းရာ၊ သီလရှင်အက်စတာ ““ကျွန်မအနေနဲ့သင်တန်းတက်ရောက်သူ တွေအပေါ် အားရမိပါကြောင်း၊ သို့သော် ဘုန်းကြီးမယ်သီလများနှင့်နီးသော ဖားကန့်မြို့ပေါ်က ဘာသာဝင်များသည် သမ္မာကျမ်းစာနှင့် ပိုမိုရင်းနှီးနေပြီး ဘုန်းကြီးမယ်သီလများနှင့် ဝေးသော နေရာများတွင် ရှိနေကြသော ဘာသာဝင်များသည် သမ္မာကျမ်းစာနဲ့စိမ်းနေသည် ဝေးနေသည်ကို သတိထား မိကြောင်း”” ဖြင့် သုံးသပ်ပေးသည်။ သာမန်ကက်သလစ်ဘာသာဝင်များအနေဖြင့် သမ္မာကျမ်းစာကို ပိုပြီးဖတ်နိုင် ရန်အတွက် ကျမ်းစာအုပ်များကလည်း ရှားပါးနေခြင်းကြောင့် မည်ကဲ့သို့ စီစဉ်ပေးပါသနည်းကို မေးမြန်းရာ၊ သူမက ““ဗမာလိုကတော့ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ထုတ်ဝေတဲ့ကျမ်းစာကို အရင်းဖြင့် ရောင်းချပေးပါကြောင်း၊ ဒါပေမယ့် ဗမာလို မဖတ်တတ်တဲ့ ကချင်ဘာသာဝင်တွေအတွက်ကတော့ ကချင်ဘာသာစကားဖြင့် ရိုက်နှက်ထားတဲ့ ကက်သလစ်ကျမ်းစာအုပ် မရှိသေးတော့ ၃ လတစ်ခါထုတ်တဲ့ ဘာသာရေးစာစောင်ကိုသာ သူတို့က အားကိုးဖတ်ရှုနေကြကြောင်း”” ဖြင့် ပြောပြသည်။

မြန်မာနိုင်ငံကက်သလစ်သာသနာသမိုင်းတွင်မူ အခြေခံသမ္မာကျမ်းစာဝေမျှခြင်းကို ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ်ဇိန်ထုံးဂရောင် (အငြိမ်းစား) က ၂၀၀၂ ခုနှစ်တွင် မြစ်ကြီးနားကက်သလစ်သာသနာတွင် ပထမဆုံးစတင်လုပ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံကက်သလစ်ဆရာတော် များအဖွဲ့ချုပ်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်လုပ်ဆောင်ခြင်းသည် ၂၀၀၇ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်သည်ဟု စစတာရ်အယ်စတာ ခွန်ဘောက်က တယ်လီဖုန်းဖြင့် လှမ်းပြောပြသည်။ မြစ်ကြီးနားနှင့်ဗန်းမော် ကက်သလစ်သာသနာအသီးသီးတို့တွင် ယခုကဲ့သို့သော အခြေခံသမ္မာကျမ်းစာဝေမျှခြင်းသင်တန်းသည် အကြိမ် (၈၀) ကျော် ရှိနေပြီဖြစ်ကြောင်းလည်း သိရှိရသည်။ ၀၀၄ ကုန်ဇမှုန်း

1726  Views
Previous: ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်နှင့်တွေ့ဆုံမေးမြန်းခန်း
Next: ဒုတိယအကြိမ်ချင်းအမျိုးသားညီလာခံ (၄၅) ကော်မတီအစည်းအဝေးကို ဇန်နဝါရီလတွင် ဟားခါးမြို့တွင် ကျင်းပရန်ရှိ