ပြည်တွင်းခရီးသွားများကြောင့် ကျောက်မဲ နဂါးမောက်သီးများ ဈေးကောင်းရနေ

48-b

နေဖြိုးမြင့်- ရှမ်းပြည်နယ် (မြစ်မခ)

ဇူလိုင်(၂၈)ရက်၊ ကျောက်မဲမြို့

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ယခုနှစ်အတွက် ဒုတိယအကြိမ်မြောက် နဂါးမောက်သီးပေါ်ချိန် တွင် ကျောက်မဲဒေသထွက် နဂါးမောက်သီးများမှာ ပြည်တွင်းခရီးသွားများ မျက်စိကျနေသည့်အတွက် ယခင်နှစ်ကထက် ပိုမိုဈေးကောင်းရလျှက်ရှိသည်ဟု သိရှိရသည်။

“ဇွန်လဆန်းပိုင်းကထွက်တဲ့ ပထမသီးတွေတုန်းက အနီသီးကိုမှ တစ်ကီလိုကျပ်(၂၈၀၀)ဝန်းကျင်နဲ့ အဖြူသီးက (၂၀၀၀)ဝန်းကျင်ပဲ ရတယ်၊ ခါတိုင်းဆိုပထမသုတ်နဲ့ နောက်ဆုံးအသုတ်က ဈေးအကောင်းဆုံး အခု ဒုတိယ အသုတ်မှာတောင် အနီသီးတစ်ကီလို (၄၀၀၀)ဝန်းကျင်၊ အဖြူသီး (၂၅၀၀) ဝန်းကျင်အထိ ဈေးကောင်းရနေတယ်” ဟု မန်းလေး- လားရှိုးအဝေးပြေးလမ်းနံဘေးတွင် ဆေးဖက်ဝင် နဂါးမောက်သီး ရောင်းချသူတစ်ဦးက ပြောသည်။

ဆေးဖက်ဝင်နဂါးမောက်သီးနှစ်မျိုးအနက် အနီသီး(အတွင်းသားနီ)များမှာ ပို၍ဆေးဖက်ဝင်သည်ဟု ယူဆကြ သောကြောင့် အဖြူ(အတွင်းသားဖြူ) ထက်ပို၍ဈေးကောင်းရခြင်းဖြစ်ကြောင်း နဂါးမောက်စိုက်ပျိုး သူတို့နှင့် ဈေးကွက်အတွင်းမှ သိရှိရသည်။

“တိုင်းရင်းဆေးသဘောအရတော့ နှလုံးနဲ့ပတ်သက်တဲ့ဝေဒနာတွေကို သက်သာစေတယ်၊ ဥပမာ-နှလုံးသွေး ကြောကျဉ်း ရောဂါလို၊ နှလုံးအားနည်းတဲ့ ရောဂါတွေလိုပေါ့၊တရုတ်ဆေးကျမ်းတွေ အရလည်း တစ်ခြားနည်း တွေနဲ့ ဆေးဖက်ဝင်သေးတယ်” ဟု တိုင်းရင်းသမားတော်တစ်ဦးက ပြောသည်။

ဆေးဖက်ဝင်နဂါးမောက်သီးအား မြန်မာနိုင်ငံ၏ပြည်နယ်အချို့တွင်သာ စိုက်ပျိုးကြပြီး အထူးသဖြင့် ရှမ်းပြည်နယ်တွင် အများဆုံးထွက်ရှိသောကြောင့် ယခင်နှစ်များကတရုတ်ဝယ်လက်သာ အဓိကဖြစ်သော် လည်း ယခုနှစ်တွင်မူ ပြည်တွင်းခရီးသွားများပါ ဝယ်ယူလျှက်ရှိသောကြောင့် ပိုမိုဈေးကောင်း ရခြင်းဖြစ်ကြောင်း ရောင်းချသူတို့က ဆိုသည်။

မိုးရာသီသီးနှံဖြစ်သော ဆေးဖက်ဝင်နဂါးမောက်သီးများမှာ စိုက်ပျိုးချိန်ကွာဟချက်ကြောင့် ပျမ်းမျှအားဖြင့် သုံးကြိမ်ခန့်ပေါ်ထွက်တတ်ပြီး ပြီးခဲ့သောနှစ်များတွင် ပထမဦးဆုံးသီးနှံပေါ်ချိန်နှင့်နောက်ဆုံးရှားပါးချိန်များ တွင် သာဈေးကောင်းရတတ်ခဲ့ကြောင်းသိရသည်။

ကီလိုနှင့်ချိန်တွယ်ရောင်းချမှုမှာအများဆုံးဖြစ်ပြီး အချို့ကျေးရွာများတွင် အသီးအရွယ်အစားနှင့် အလုံးကောင်း အလုံးလှပုံစံကိုလိုက်၍ ဈေးအမျိုးမျိုးဖြင့် ရောင်းချတတ်သည်။

2722  Views
Previous: တိုင်းဒေသကြီးအဆင့် ကျောင်းကုန်းလယ်ယာမြေဆွေးနွေးပွဲသို့ အုပ်ချုပ်ရေးအဖွဲ့ မတက်ရောက်
Next: အမေရိကန်သံအမတ်နှင့် သံတမန်အဖွဲ့ ရခိုင်ဒုက္ခသည်များနှင့်တွေ့ဆုံ