မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများထံ ပေးစာ

2-b

မေလ ၂၃၊ ၂၀၁၄

ဘာသာရေးလွတ်လပ်ခွင့်သည် ပုထုဇဉ်လူသားတို့၏မွေးရာပါ လူ့အခွင့်အရေး ဖြစ်သည်။ ၎င်းအခွင့်အရေးကို မည်သူမျှ ဖျက်ဆီးခွင့် မရှိစေရဟု ဘာသာရေးခေါင်းဆောင်များ၊ ဒီမိုကရေစီအစိုးရမင်းများနှင့်သာမန်လူသားများက ဆော်သြနေကြသည်။ ထိုသို့ဆိုရသော် ဘာသာရေးလွတ်လပ်ခွင့် ဟူသော ဝေါဟာရအောက်တွင် မည်ကဲ့သို့သော လွတ်လပ်ခွင့်မျိုးကို ဆိုလိုသနည်းဟု စောဒကတက်စရာရှိလာတော့သည်။

ဇာနပုဉ်သား၊ တပည့်တော်၏ ကြားသိသမျှ လျှောက်ထားရသော်၊ ဘာသာရေးလွတ်လပ်ခွင့်ဆိုသည်မှာ ဘုရားကျောင်းကန်များကို လွတ်လပ်စွာဆောက် လုပ်ခွင့်ရှိခြင်း၊ လွတ်လပ်စွာဘုရား ဝတ်ပြုရှိခိုးခွင့်ရှိခြင်း၊ ဘုရားပွဲများကို လွတ်လပ်စွာ ကျင်းပခွင့် ရှိခြင်း၊ ဘာသာရေးစာအုပ်များကို လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်ရှိခြင်း၊ ဘာသာရေးစာအုပ်များကို လွတ်လပ်စွာသယ်ဆောင်ခွင့်ရှိခြင်း၊ ဘာသာရေးစာစောင်များကို လွတ်လပ်စွာ ဖြန့်ချီခွင့်ရှိခြင်း၊ ဘာသာရေးစာအုပ်များကို လွတ်လပ်စွာဖြန့်ဝေရောင်းချခွင့်ရှိခြင်း၊ ဘာသာရေးအကြောင်းများကို လွတ်လပ်စွာဟောပြောခွင့်ရှိခြင်း၊ မိမိယုံကြည်ကိုး ကွယ်လိုသော ဘာသာတရားကို လွတ်လပ်စွာ ယုံကြည်ကိုး ကွယ်ခွင့်ရှိခြင်း၊ လူတစ်ဦး၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများနှင့်ရာထူးများတွင် ဘာသာရေးကို အခြေခံပြီး ဆုံးဖြတ်ချက်ပြု လုပ်မှုကင်းမဲခြင်း စသောအချက်များ ပါဝင်နေပါသည်။

သို့သော် နိုင်ငံသားများသည် ထိုကဲ့သို့သော ဘာသာရေးလွတ်လပ်ခွင့်များကို စစ်အစိုးရများ၊ အာဏာရှင်ဆန်သော ဘာသာရေး ခေါင်းဆောင် များနှင့်တုပသော ဒီမိုကရေစီနိုင်ငံများတွင် မရရှိကြသည်ကို ယနေ့တွေ့မြင်နိုင်ပေသည်။ ထိုသို့သောနိုင်ငံများတွင် သတိမထားမိသော ဘာသာရေး လွတ်လပ်ခွင့်ကို ချိုးဖောက်သော အဖွဲ့အစည်းတစ်ခုမှာ ဘာသာရေးအဖွဲ့အစည်းပင် ဖြစ်ပေသည်။ ဆိုလို သည်မှာ ဘာသာရေး အဖွဲ့အစည်းထဲတွင် ဘာသာရေးလွတ်လပ်ခွင့်များ လျှော့နည်းနေခြင်း သို့မဟုတ် ကင်းမဲ့နေခြင်းမျိုးလည်း ရှိနေသည်ကို လေ့လာတွေ့ ရှိရသည်။

တချို့သော ဘာသာရေးခေါင်းဆောင်များသည် မိမိတို့၏လက်အောက်တွင် ရှိနေကြသော ဘာသာဝင်များ၏ ဘာသာရေး လွတ်လပ်ခွင့်များကို ချိုးဖောက်နေကြသည်ကို တွေ့ရှိရသည်။ ထိုကဲ့သို့သော ဘာသာရေးခေါင်းဆောင်များက ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်နေလျှင် မည်သူက ေ၀ ဖန်မည်နည်း။ လူ့သဘောသဘာဝအရ၊ ခေါင်းဆောင်များသည် ခေါင်းဆောင်တစ်ဦး၏အမှားကို ဖုံးဖိပေးတတ်ကြသည့် သဘာဝလည်း ရှိနေကြရာ၊ ခေါင်းဆောင်တစ်ဦး၏ လူ့အခွင့်အရေးချိုးဖောက်ခြင်းကို ကျန်ခေါင်းဆောင်များက မသိသလို ဖာသိဖာသာ နေနေကြသည်ကို ယနေ့တွေ့မြင်နေရသည်။ ထိုကဲ့သို့သောအခြေအနေမျိုးတွင် ခေါင်းဆောင်မဟုတ်သော နောက်လိုက်သားများသည် ဖိနှိပ်ခံနေကြရတော့သည်။

ထို့ကြောင့် ပျံလွန်တော်မူသွားသော ရဟန်္တာဂျွန်ပေါလ်က ၁၉၈၉ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် အာရှတိုက်ရှိ ကက်သလစ်ဆရာတော်ကြီး များ၏ ညီလာခံသို့ပေးပို့သော သဝဏ်လွှာတွင် ““သာမန်ကက်သလစ်ဘာသာဝင်များဘက်၌ အခြေခံသဘောဖြင့် ငြိမ်သက်နေသည့် အခြေအနေမျိုး အတွက်လည်းကောင်း၊ ရဟန်းသံဃာတော်တို့ဘက်၌ သာမန်ကက်သလစ်ဘာသာဝင်တို့နှင့် တာဝန်မျှဝေထမ်းဆောင်ခြင်းကို မလိုလားသောအခြေအနေမျိုးအတွက် လည်းကောင်း ကျွန်ုပ်တို့က အဖြေရှာဆောင်ရွက်ရပေမည်”” ဟု မီးမောင်းထိုးပြရင်း ဆော်သြတော်မူခဲ့သည်။ ဘာသာရေး အသိုင်းအဝိုင်းထဲတွင် ကက်သလစ်သာသနာတော်၏ ပင်ကိုယ်သဘောတရားကို ကြည့်ရသော်၊ ကက်သလစ်သာသနာ တော်သည် ကက်သလစ်ဘာသာဝင်များအားလုံးနှင့်သက်ဆိုင်သော ဘာသာရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပေသည်။ သို့သော် ကက်သလစ်ဘာသာဝင်များ အားလုံးနှင့်သက်ဆိုင်သော ကျွန်ုပ်တို့၏ကက်သလစ်သာသနာတော်ထဲတွင် အုပ်ချုပ်သူများနှင့် အုပ်ချုပ်ခံရသူ များအကြားတွင် တရားဥပဒေစိုးမိုးမှု အားနည်းနေသည်ကို တွေ့ရှိရသည်။ ကက်သလစ်သာသနာတော်သည် ကက်သလစ်ဘာသာဝင်များ အတွက် ကာနွန်ဥပဒေကို ပြဌာန်းထားသော်လည်း ၎င်းဥပဒေကို ဆရာတော်နှင့်ရဟန်းသူတော်စင်များသာ သိရှိရပြီး ဥပဒေ၏ ချည်နှောင် ခြင်းကို ခံရသော သာမန်ကက်သလစ်ဘာသာဝင်များကမူ တလုံးတလေမျှ မသိရှိကြပေ။ သိလိုသော ဘာသာဝင်များက ၎င်းကာနွန်ဥပဒေ စာအုပ်ကို ဝယ်လိုသော်လည်း မြန်မာဘာသာဖြင့်လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း ထုတ်ဝေရောင်းချသော စာအုပ်လည်း မြန်မာပြည်တွင် မတွေ့ရှိသေးပေ။ ထိုသို့ဆိုသော် မည်သူက ကာနွန်ဥပဒေကို လိုက်နာသည်၊ မလိုက်နာသည်ကို စောင့်ထိန်းဆုံးဖြတ်ပေး မည့် အဖွဲ့အစည်း (ဝါ) တရားရေးအဖွဲ့သည် ကက်သလစ်သာသနာတော်တွင် လိုအပ်နေသည်ကို တွေ့ရှိရသည်။ နောက်ဆုံးတွင်မူ၊  ““မင်းတို့ ဆရာတော်တွေ ဘုန်းကြီးတွေ ပြောတာပဲ နားထောင်၊ နားမထောင်ရင် အသင်းတော်ကနေ အထုတ်ခံရမယ်”” ဟူသော တစ်မိန့်တစ်သံအာဏာရှင်စနစ်ကို ရောက်ရှိလာတော့သည်။

ထို့ကဲ့သို့သောအခြေအနေမျိုးကြောင့် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်အနေဖြင့်၊ မြန်မာနိုင်ငံအတွင်းတွင် ဆရာတော်၊ ရဟန်းသံဃာသူတော်စင်များနှင့်သာမန်ကက်သလစ်ဘာသာဝင်များအကြားတွင် ပဋိပက်္ခများ ဖြစ်ပေါ်လာလျှင် မျှတသော စီရင်ဆုံးဖြတ်ချက်ကို ခံယူနိုင်ရန်နှင့်ချမှတ်နိုင်ရန်အလို့ဌာ လွတ်လပ်သောတရားစီရင်ရေးစနစ်ကို ကက်သလစ်သာသနာတော်၏ ကာနွန်ဥပဒေဘောင်ထဲတွင် ထူထောင်ပေး ရန် လိုအပ်နေပြီ ဖြစ်ပေသည်။

ထိုကြောင့်၊ ဥပဒေပညာရှင်သာမန်ကက်သလစ်ဘာသာဝင်များ ပါဝင်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သာသနာတော် တရားစီရင်ရေးကော်မ ရှင်တစ်ခုကို ဖွဲ့စည်းထူထောင်ပေးပါရန် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွ့ဲချုပ်အား တိုက်တွန်းအပ်ပါသည်ဘုရား။ အယ်ဒီတာချုပ်

1698  Views
Previous: မောင်းသူမဲ့လေယာဉ်အပါအဝင် အလိုအလျောက်ပစ်ခတ်နိုင်သော သေနတ်စနစ်များကို ဗာတီကန်က ကန့်ကွက်လိုက်ပြီ
Next: ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဂျာမဏီနိုင်ငံ၏ အထောက်အပံ့ ယူရို ၇သန်း ရရှိ