မြန်မာနိုင်ငံကက်သလစ်ဆရာတော်များအဖွဲ့ချုပ်မှ လစဉ်သတင်းစာစောင်သစ်တစ်ခုကို ဗမာဘာသာစကားဖြင့် ထုတ်ဝေရန်ရှိ

05-b

မြန်မာနိုင်ငံကက်သလစ်ဆရာတော်များအဖွဲ့ချုပ်အောက်ရှိ လူထုဆက်သွယ်ရေးကော်မရှင်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးပွင့်လင်းလာမှုကြောင့် တိုးတက်ဖြစ်ထွန်းလာသော သတင်းမီဒီယာလောကကို အကျိုးကျိုးရှိရှိအသုံးချနိုင်ရန်အတွက် တစ်နိုင်ငံလုံးရှိ ကက်သလစ်ဆရာတော်ပိုင် သာသနာနယ်အသီးသီးမှ လူထုဆက်သွယ်ရေးတာဝန်ခံများအား သတင်းမီဒီယာသင်တန်းကို စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။ ၎င်းသင်တန်းသို့ ကက်သလစ်သာသနာ ၁၆ ခုမှ ရဟန်းသီလရှင်နှင့်သာမန်ဘာသာဝင် စုစုပေါင်း (၅၀) တက်ရောက်ကြပြီး သင်တန်းကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကက်သလစ်ဆရာတော်များအဖွဲ့ချုပ်၏ ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကက်သလစ် ဆရာတော်များအဖွဲ့ချုပ်မှ လူထုဆက်သွယ်ရေးကော်မရှင်ဥက္ကဌဖြစ်တော်မူသော ဖယ်ခုံကက်သလစ်ဆရာတော်ကြီး ပီတာလတ်က အဖွင့်စကားမိန့်ကြားတော်မူပြီး သင်တန်းစာရာများအဖြစ် ထိုင်းနိုင်ငံမှ ဒေါက်တာ စီကာရဲစ် စီရာကန်၊ ထိုင်ဝမ်နိုင်ငံမှ ရဟန်းတော် ဂျေရီ မာတင်ဆန်၊ ဖိလစ်ပိုင်နိုင်ငံမှ ဒေါက်တာဂျိုးဇက်ဒီမယ်ဇာနှင့် မလေးရှားနိုင်ငံမှ သြဂုတ်စတင်းတို့က သင်တန်းသူ/သားများ ကို ဝေမျှပို့ချခဲ့ကြသည်။

ယခုကဲ့သို့ သင်တန်းလုပ်ပေးရခြင်းနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံကက်သလစ်လူထုဆက်သွယ်ရေးကော်မရှင်ဒါရိုက်တာဖြစ်တော်မူသော ဘုန်းတော်ကြီး လီအိုမန်းက ““သာသနာတော်အနေနဲ့ ပြောင်းလဲလာသော ခေတ်ရေစီးကြောင်းနဲ့ ရှုပ်ထွေးပြီး စိန်ခေါ်မှုများသော သိုးထိန်းလုပ်ငန်းများအပေါ် သုံးသပ်ထောက်ရှုရန် ရည်ရွယ်ပြီး အခုလို သင်တန်းများကို ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း”” ဖြင့် ဂလိုရီးယားသတင်းဂျာနယ်သို့ ဖြေကြားပေးတော်မူသည်။
ဆရာတော်ကြီးပီတာလတ်ကလည်း ၎င်းသင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသူ/သားများအား သာသနာတော်၊ အဖွဲ့အစည်း နှင့် လူတစ်ဦးစီ၏ဘဝအတွက် လူထုဆက်သွယ်ရေးနှင့်၎င်း၏အခန်းကဏ္ဍကို စစ်ဆေးသုံးသပ်ကြရန်နှင့် စာသင်ကျောင်းများမှ ဆရာတော်ပိုင်သာသနာများ အထိ လူထုဆက်သွယ်ရေးစနစ်ကို အာရုံပြုကြရန် တိုက်တွန်းတော်မူကြောင်း သင်တန်းသားတစ်ဦးထံမှ ကြား သိရသည်။ ဆက်လက်ပြီး ဆရာတော်ပီတာလတ်က ခေတ်၏အပြောင်းအလဲများထဲတွင် ခေတ်သစ်မီဒီယာရေစီးကြောင်းကို နားလည်ရန် အရေးကြီးကြောင်း၊ သင်တန်း တက်ရောက်သူများအနေဖြင့် လူငယ်များနှင့် ကက်သလစ်ခရစ်ယာန်ဘာသာဝင်များအတွက် အစွမ်းထက်သော ပုံသွင်းပျိုးထောင်သူများ ဖြစ်ကြရန် လိုအပ်ကြောင်းဖြင့် မှာကြားတော်မူသည်ဟု သတင်းရရှိသည်။ ထို့အပြင် ၎င်းသင်တန်းကို ရန်ကုန်မြို့ ရှိ စိန်ဂျိုးဇက်ရဟန်းဖြစ်တကသိုလ်ရှိ ရဟန်းလောင်များအား အောက်တိုဘာလ ၂ – ၄ ရက်နေ့အထိ ပို့ချပေးရာ ရဟန်းလောင်းပေါင်း ၁၅၀ ကျော် တက်ရောက်ကြကြောင်း သတင်းရရှိသည်။

ဂလိုရီယားသတင်းဂျာနယ်တိုက်မှ ၎င်းသင်တန်းကို တက်ရောက်သင်ယူသော ဟားခါးသာသနာမှ ဘုန်းတော်ကြီးဖိလစ်အား သင်တန်းအကျိုးရှိပုံကို တယ်လီဖုန်းဖြင့်လှမ်းမေးရာ သူက ““အရင်တုံးကတော့ မီဒီယာဆိုတာကို စလောင်း၊ တီဗွီလောက်၊ ရေဒီယိုလောက်ပဲ သိခဲ့တာ။ အခုလိုသင်တန်းတက်ချင်းအားဖြင့် မီဒီယာဆိုတာကို လေးလေးနက်နက် သိလာကြောင်း၊ အထူးသဖြင့် ကျွန်တော်တို့ရဟန်းတွေ အနေနဲ့ လူတိုင်းကို ထိတွေ့ဆက်ဆံဖို့၊ လူတိုင်းက ကိုယ့်ကိုယ် လာရောက်ထိတွေ့ဆက်ဆံနိုင်တဲ့ရဟန်းတွေ ဖြစ်ဖို့ အရေးကြီးကြောင်း၊ ဘာသာတူတွေက ရဟန်းကို မချဉ်းကပ်ရဲ၊ မပြောရဲတာမျိုး မဖြစ်သင့်ကြောင်း၊ အခုဆိုရင် ဟားခါးမှာ မီဒီယာသင်တန်းကို လူငယ်များအား ပြန်လည်ဝေမျှသင်ပေးနေပြီ ဖြစ်ကြောင်း၊ အခုတော့ ဟားခါးသာသနာဟာ လွတ်လပ်လာပြီ ဖြစ်ကြောင်း၊ ဒါကြောင့်မို့ ဒီလိုမျိုးသင်တန်းကို ခဏခဏလုပ်ပေးသင့်ပါတယ်”” ဖြေပေးကြပါသည်။
မြန်မာနိုင်ငံကက်သလစ်လူထုဆက်သွယ်ရေးကော်မရှင်ဒါရိုက်တာဖြစ်တော်မူသော ဘုန်းတော်ကြီးလီအိုမန်းသည် မြစ်မခမှ သတင်းမီဒီယာ ဆရာများကို ဌားရမ်းပြီး တစ်နိုင်ငံလုံးရှိ ကက်သလစ်ဆရာတော်ပိုင် သာသနာ ၁၆ ခုသို့ သွားရောက်ကာ မီဒီယာသင်တန်းများကို လစဉ်ပို့ချပေးသူလည်း ဖြစ်တော်မူ သည်။ ယခုကဲ့သို့ တစ်နိုင်ငံလုံး ပတ်ပြီး မီဒီယာသင်တန်းကို ပေးရခြင်းနှင့်စပ်လျဉ်းပြီး မေးမြန်းရာ သူက ““အသင်းတော်မှာက သတင်းထောက်တွေ မရှိဘူး။ ဒါကြောင့်မို့ သာသနာတစ်ခုကနေ သတင်းမီဒီယာသမား အနည်းဆုံး ၅ ဦးလောက် ပေါ်လာအောင် ရည်ရွယ်ပြီး လုပ်တာဖြစ် တယ်။ နောက်ပြီးတော့ ၂၀၁၅ ခုနှစ်လောက်မှာ ကက်သလစ်သတင်းစာစောင် သစ် တစ်ခုထုတ်ဝေဖို့ ဆုံးဖြတ်ထားတာလည်း ရှိကြောင်း”” ဖြင့် အယ်ဒီတာချုပ်၏ မေးမြန်းမှုကို ဖြေကြားပေးတော်မူသည်။ ၀၀၇ ဂျိုးဇက်

1372  Views
Previous: နာဇရက်မြို့သားယေဇူး၏ ပြဇာတ်ဗီဒီယိုအခွေ မြန်မြန်ကြည့်ချင်နေပြီဗျို့
Next: ဆရာတော်ကြီးများက မသင့်လျော်သူများကို ရဟန်းအဖြစ် ရွေးချယ်နေမှုကြောင့် ကက်သလစ်သာသနာတော်အတွင်း ပြသာနာ များပြနေခြင်း ဖြစ်ဟု ရဟန်းမင်းကြီးက မီးမောင်းထိုးပြ