အယ်ဒီတာ့အာဘော် အတွဲ (၃) ၊ အမှတ် (30)

စိန်ပေါလ်သာသနာပြုအသင်းဂိုဏ်သို့ပေးစာ

စိန်ပေါလ်သာသနာပြုသူတော်စင်အသင်းဂိုဏ်းသူ/သားများတို့၊

ကာင်းကြီးမင်္ဂလာအပေါင်း ခညောင်းသော ငွေစင်ဂျူဗလီနှစ်ဖြစ်ပါစေကြောင်း ဆန်္ဒပြုနှုတ်ဆက်လိုက်ပါသည်။ ဆရာတော်ကြီး ချားလ်စ်ဘို (လက်ရှိရဟန်းမင်းအမတ်ဆရာတော်ကြီးချားလ်စ်ဘို) က ၁၉၉၀ ခုနှစ် မေလ ၂၅ ရက်နေ့တွင် လားရှိုးမြို့တွင် စတင်တည်ထောင်ခဲ့သော စိန်ပေါလ် သာသနာပြု အသင်းဂိုဏ်းသည် လာမည့် ၂၀၁၅ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင်မူ ငွေစင်ဂျူဗလီ တိုင်လေပြီ ဖြစ်ပေသည်။ ကျွန်တော်သည်လည်း စိန်ပေါလ် အသင်းဂိုဏ်းသို့ ၁၉၉၂ ခုနှစ် မေလ ၈ ရက်နေ့တွင် ဝင်ရောက်ခဲ့သည်။ ကျွန်တော်တို့ ကျောင်းသူကျောင်းသားများကို ဆရာတော် ချားလ်စ်ဘိုက အပတ်စဉ် စနေနေ့ညတိုင်းလိုလိုပင် ဆုံးမသွန်သင်ပေးခဲ့ သလို ညနေတိုင်းလိုလို ဘတ်စကက်ဘောကို အတူတူကစားခဲ့ကြရသည်။ ကိုရင်လောင်းဘဝကို ရောက်ရှိလာသည့်အခါတွင်လည်း နေ့တိုင်းလိုလိုပင် ဆရာတော်က စာသင်ပေးခဲ့ရသည်။ ဂိုဏ်းတည်ထောင်သူ၏ ဝိညာဉ်ရေးကျင့်စဉ်နှင့် လမ်းစဉ်များကို လည်း အနီးကပ်လေ့လာခွင့် ရရှိခဲ့သည်။
အသင်းဂိုဏ်း၏ ရည်မှန်းချက် (ထူးခြားသော ဝိညာဉ်တော်၏ကျေးဇူးတော်) ကား၊ ခရစ်တော်ကိုမသိရှိ သူများထံသို့ ခရစ်တော်ကို သယ်ဆောင်ဟောပြောရန်ဟူသော ရည်မှန်းချက်ဖြစ်သည်။ ထိုကဲ့သို့သော ရည်မှန်းချက်အပေါ်တွင် အခြေခံပြီး ချမှတ်ထားသော နည်းဗျူဟာ တစ်ခုကမူ၊ နေ့တိုင်း အပြင်ထွက်ကာ ခရစ်တော်အကြောင်းကို တခြားသူများထံသို့ လိုက်လံဟောပြောရခြင်းပင် ဖြစ်ပေသည်။ ကျွန်တော်သည် ၎င်းင်းရည်မှန်းချက်အပေါ်တွင် လွန်စွာတန်ဖိုးထားမိသည်မှာ ယနေ့တိုင်ပင်ဖြစ်ပေသည်။ ကျွန်တော် သည် စိန်ပေါလ်ရဟန်းတစ်ပါး ဖြစ်လိုသော်လည်း ဂိုဏ်းအကြီးအကဲဖြစ်သူက ကျွန်တော့်ကို စိန်ပေါလ်အသင်းဂိုဏ်းမှ ထွက်ခိုင်းခဲ့ရာ ၂၀၀၄ ခုနှစ်မေလ ၆ ရက်နေ့တွင် ထွက်ခဲ့ရသည်။ အပြင်လောကတွင် ကျင်လည်နေရသော်လည်း စိန်ပေါလ်အသင်းဂိုဏ်းမှ ရရှိခဲ့သော ရည်မှန်းချက်က ယခုထိတိုင်တောက်လောင် နေဆဲဖြစ်ရာ ကိုယ့်နည်း ကိုယ်ဟန်ဖြင့် ခရစ်တော်အကြောင်းကို ခရစ်တော်ကို မသိသေးသူများအား ဆက်လက်ဝေမျှဟော ကြားပေးနေလျက်ပါ။ အသင်းဂိုဏ်း အပေါ်တွင်လည်း သံယောဇဉ် ရှိနေဆဲပင် ဖြစ်သည်။
ထိုကဲ့သို့ ကျွန်တော်သည် စိန်ပေါလ်အသင်းဂိုဏ်းတွင် (၁၂) နှစ်တိုင် ပညာနို့ရည် သောက်သုံးရသကဲ့သို့ တန်ဖိုးဖြတ်မရသော အတွေ့အကြုံများကိုလည်း ရရှိခဲ့ရာ ကျွန်တော်ဘဝထဲက ရတနာများကို လက်ရှိစိန်ပေါလ်သူတော်စင်များထံ ဝေမျှလိုက်ပါသည်။
(၁) လူမျိုးစုံသော သာသနာပြုအသင်းဂိုဏ်းဖြစ်သောကြောင့် အများနားလည်သော ဗမာစကားနှင့် အင်္ဂလိပ်စကားကို အသုံးပြုခဲ့ရသည်။

(၂) နေ့စဉ် အပြင်သို့ထွက်ပြီး ခရစ်တော်အကြောင်းကို တခြားသူများအား လိုက်လံဟောပြောခဲ့ကြသည်။ ထိုသို့သော လမ်းစဉ်ကြောင့် မိမိသည်           ပြင်ပကမ်္ဘာနှင့်ထိတွေ့ခွင့် ရရှိခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု ရရှိခဲ့သည်။
(၃) ဂိုဏ်းတည်ထောင်သူ၏ အနီးကပ်သင်ကြားပေးမှုကို ရရှိခဲ့သည်။
(၄) ဝေးလံခေါင်သီသော နယ်မြေ (ဝပြည်) ဒေသသို့ ခြေလှမ်းကာ စတင်သာသနာပြုခဲ့ကြသည်။
(၅) နယ်တွင်သာသနာပြုကျောင်းများကို ဖွင့်လှစ်ရာ ဆင်းရဲချိုတဲ့မှု (အဆင်မပြေမှု)ဖြင့် စတင်ခဲ့ကြသည်။
(၆) ကျွန်တော်သည် စာရေးတတ်ခြင်းကျေးဇူးတော်ကို ရရှိခဲ့သည်။
(၇) ကြပ်တည်းသောကာလတွင် ဂိုဏ်းတည်ထောင်သူသည် ကျွန်တော်တို့နှင့်တိုင်ပင်ပြီး အောင်မြင်သောဆုံးဖြတ်ချက်များကို                                         ဝိုင်းဝန်းချမှ နိုင်ခဲ့ကြသည်။
(၈) ၂၄ နာရီကိုယ်တော်မြတ်ကို ဖူးမျှော်ခြင်းအား လုပ်တတ်လာသည်။
(၉) ဘေးပတ်ဝန်းကျင်၏ အတိုက်အခံပြုလုပ်မှုအကြားက အသင်းဂိုဏ်းလေးသည် ကြီးထွားသောအသင်းဂိုဏ်း အဖြစ်သို့ တဖြည်းဖြည်း                            ရောက်ရှိလာခဲ့သည်။
(၁၀) ရဟန်းလောင်းများကို ပုံသွင်းပျိုးထောင်ပေးမှုကား တင်းကြပ်သော စည်းမျဉ်းဥပဒေကို အခြေမခံဘဲ၊ မိမိဖာသာ ဆုံးဖြတ်တီထွင်နိုင်သောပုံစံကို            ကျင့်သုံးခဲ့သည်။
(၁၁) ကျွန်တော်အပါအဝင် တချို့သောအသင်းဂိုဏ်းဝင်များက မိမိတို့ဒေသမှ လူငယ်လူရွယ်များကို အသင်းဂိုဏ်းသို့ ခေါ်ဆောင်လာကြခြင်းဖြင့်                လိုအပ်သော အနာဂါတ်သာသနာပြုလောင်းများကို ရှာဖွေခဲ့ကြသည်။
(၁၂) သစ်္စာသုံးပါးတို့သည် အသင်းဂိုဏ်းအတွက်မဟုတ်၊ သူတော်စင်တစ်ပါးစီ၏ ရာသက်ပန်ကျင့်စဉ်ဟု နားလည်သည်။
(၁၃) ဆရာတော်က အသင်းဂိုဏ်းဝင်များအား အသင်းဂိုဏ်း၏ရည်မှန်းချက်အပေါ်တွင် နေ့စဉ်ဦးဆောင်မှု ပေးခဲ့သည်  စိန်ပေါလ်သာသနာပြု                     အသင်းဂိုဏ်း၏ သူတော်စင်လောင်းများကို ပေးသော ပုံသွင်းမှုပုံစံသည် ကမ်္ဘာပေါ်တွင် အကောင်းဆုံးသော ပုံသွင်းပျိုးထောင်ပေးခြင်းထဲက                တစ်ခုအပါအဝင် ဖြစ်မည်ဟု သုံးသပ်မိပါသည်။ စိန်ပေါလ်အသင်းဂိုဏ်းကြီးသည် မိမိ၏ရည်မှန်းချက် အပေါ်တွင် နှစ်ပေါင်းရာကျော်                             ရှည်လျက်ဆက်လက် ကြီးထွားအောင်မြင်နိုင်ပါစေကြောင်း ဆုမွန်ချွေပေးလိုက်ပါသည်။
အယ်ဒီတာချုပ်

1475  Views
Previous: ကျားမခွဲခြားဆက်ဆံမှုနှင့် အခွင့်အရေးသင်တန်း
Next: ကာဒီနယ်ဆရာတော်ချားလ်စ်ဘိုလက်တော်မှ ရဟန်းတော်စောဂျွန်ယောဟန် ဆရာတော်သိက်္ခာ ရရှိတော်မူ