ကာဒီနယ်ဆရာတော်ချားလ်စ်ဘိုလက်တော်မှ ရဟန်းတော်စောဂျွန်ယောဟန် ဆရာတော်သိက်္ခာ ရရှိတော်မူ

 

 

ရန်ကုန်၊ ဧပြီလ ၁၂

ရဟန်းတော်စောဂျွန်ယောဟန်သည် ရန်ကုန် ကက်သလစ်သာသနာပိုင်ချုပ်၏ လက်ထောက်ဆရာတော်အဖြစ် ဆရာတော်သိက်္ခာကို ဧပြီလ ၁၂ ရက်နေ့က ရန်ကုန်မြို့ရှိ စိန်မေရီ ကာသီဒြယ် ဘုရားကျောင်းတော်ကြီးထဲတွင် ရန်ကုန် ကက်သလစ် သာသနာပိုင်ချုပ်၊ ကာဒီနယ် ဆရာတော်ချားလ်စ်ဘို လက်တော်မှ လက်ခံရရှိ တော်မူလိုက်သည်။ ၎င်းင်းဆရာတော် သိက်္ခာတင်ပွဲတွင် ထိုင်းနိုင်ငံ အခြေစိုက်၊ မြန်မာနိုင်ငံ ဆိုင်ရာ ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်ဖြစ်သော ဆရာတော်ကြီးပေါလ်နှင့် ဘားအံသာသနာပိုင် ဆရာတော် ဂျက်စတင်း စောမင်းသိုက်တို့ လက်တော်မှ ပူးတွဲလက်ခံ ရရှိတော်မူခဲ့သည်။ ၎င်းင်းအခမ်းအနားသို့ မြန်မာပြည်တစ်ဝှမ်းမှ ဆရာတော်အပါးပေါင်း ၁၄ ပါး၊ ရဟန်းတော် (၁၀၀) ကျော်နှင့် ဘာသာဝင်ပေါင်း ထောင်နဲ့ချီ၍ တက်ရောက်အားပေးခဲ့ကြသည်။

လက်ထောက် ဆရာတော်ကြီး စောဂျွန်ယောဟန်၏ မိခင်ဖြစ်သူ နော်မေရီထူးဖော်အား သား၏ဆရာတော် ဖြစ်လာခြင်းနှင့် ပတ်သက်ပြီး မိခင်၏ခံစားချက်ကို မေးမြန်းရာတွင် ““အမိုးက ပျော်တာပေါ့။ ဒါပေမယ့် သားဖြစ်သူက ဆရာတော်ရဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့အတွက် အမိုးက ဆက်လက်ပြီး ဆုတောင်းပေးရမယ့် တာဝန်တော့ ရှိတယ်”” ဟု အယ်ဒီတာချုပ်အား ဖြေကြားပေးသည်။ ဒေါ်အေမလီက ဆရာတော်ယောဟန်နှင့်ပတ်သက်ပြီး ““အပါးက တည်ကြည်တယ်။ အနစ်နာခံတယ်။ အခုလို ဆရာတော်ဖြစ်သွားတာ ဖြစ်သင့်ပါ တယ်”” ဟု မှတ်ချက်ပြုသည်။

ဘန်ကောက်မှ ကြွရောက်အားပေးလာသော ရဟန်းမင်းကြီး ကိုယ်စားလှယ်ဖြစ်တော်မူသော ဆရာတော်ကြီး ပေါလ်က ““မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် ကောင်းကြီးတော် များကို တမူခံစားရသော နှစ်ဖြစ်ကြောင်း၊ နှစ်အစတွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော ကာဒီနယ်ရဟန်းမင်းအမတ်အဖြစ် ရန်ကုန်ဆရာတော် ကြီးချားလ်စ်ဘိုသည် ရွေးချယ်ခြင်း ခံရကြောင်း၊ နောက်တစ်ခါ ယနေ့တွင် လည်း လက်ထောက်ဆရာတော်အဖြစ် ရဟန်းတော် စောဂျွန်ယောဟန်ကို ထပ်မံရရှိကြောင်း”” ဖြင့် မြန်မာနိုင်ငံကက်သလစ် သာသနာတော်အပေါ် မှတ်ချက်ပြုတော် မူသည်။

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က ဆရာတော် စောဂျွန်ယောဟန်အား ဆရာတော်အဖြစ် ခန့်အပ်ခြင်း စာချွန်တော်တွင် ““ရန်ကုန်သာသနာပိုင် ဆရာတော်ကြီး ချားလ်စ်ဘိုက မိမိ၏သိုးစုများကို ပိုမိုအထောက်အကူ ပေးနိုင်ရန် အတွက် လက်ထောက်ဆရာတော် တစ်ပါးကို ခန့်အပ်ပေးပါရန် ဗာတီကန်သို့ လျှောက်ထားလာသောကြောင့်၊ ယခုကဲ့သို့ အသင်ချစ်သားကို လက်ထောက် ဆရာတော် အဖြစ် ရွေးချယ်ခန့်အပ်ပါကြောင်း”” ဖြင့် ထည့်သွင်း ရေးသားတော်မူခဲ့သည်။

ဆရာတော်ဂျွန်ယောဟန်က ကျေးဇူးတင်စကား မိန့်ကြားရာတွင် ““မှတ်မိသောအရွယ်မှ စပြီး ဖိုးခွားယောဟန်ကို ဘုန်းကြီးဖြစ် စေတော်မူပါဟု မိခင်ဖြစ်သူက ညတိုင်း ဆုတောင်း ပေးခဲ့သော အမိုးနဲ့အပါးတို့ကို ကျေးဇူးတင်ကြောင်း၊ မိမိ၏ ရဟန်းဝါတော် ၂၀ နှစ်အတွင်း လက်တွဲကူညီ အားပေးခဲ့ကြသော ရန်ကုန်သာသနာမှ ရဟန်းတော်များကိုလည်း ကျေးဇူးတင်ကြောင်း”” ဖြင့် မိန့်ကြားသကဲ့သို့ ““အားလုံးအတူတကွ လက်တွဲလုပ်ဆောင် ကြရအောင်”” ဟု ဘုရားပွဲလာသူများအား ဖိတ်ခေါ်တော်မူ လိုက်သည်။

ဆရာတော်ဂျွန်ယောဟန်သည် ကရင်လူမျိုးဖြစ်ရာ လက်ရှိမြန်မာနိုင်ငံ ကက်သလစ်ဆရာတော် များထဲတွင် ကရင် လူမျိုးဆရာတော် အပါးပေါင်း (၇) ပါး ရှိနေပြီ ဖြစ်သည်။

အယ်ဒီတာချုပ်

1442  Views
Previous: အယ်ဒီတာ့အာဘော် အတွဲ (၃) ၊ အမှတ် (30)
Next: တရုတ်နိုင်ငံထဲကို ကချင်ကက်သလစ် သာသနာပြုများ စေလွှတ်နေကြောင်းဖြင့် ဗန်းမော်ကက်သလစ်ဆရာတော်ရေမွန်ဆွမ်ကမ်လု မိန့်ကြားတော်မူ