စိပ်ပုတီးစိပ်ရုံကလွဲပြီး ဦးဆောင်သူကင်းမဲ့နေသော ဖလှယ်ခုံကျေးရွာရှိ ကက်သလစ်ဘာသာဝင်များ

0011
ရန်ကုန်၊ မတ်လ ၂၉
ဟားခါး ကက်သလစ် သာသနာ လက်အောက်ရှိ ဂန့်ဂေါမြို့နယ်၊ ဖလှယ်ခုံ ကျေးရွာရှိ ကက်သလစ် ခရစ်ယာန် ဘာသာဝင်များသည် ဦးဆောင်မည့်သူ မရှိတော့ကြောင်း ဖြင့်မတ်လ ၂၉ ရက်နေ့က သတင်း ရရှိသည်။
၎င်းဖလှယ်ခုံကျေးရွာက ကက်သလစ် မိသားစုဝင်များက “ကျွန်မတို့ရွာမှာ ကက်သလစ် ဘာသာဝင်က အိမ်ခြေ ၆ အိမ်ပဲ ရှိတယ်။ ဓမ်္မဆရာက ထောက်ပံ့ကြေး နည်းလို့ဆိုပြီး မလေးရှားကို ထွက်သွားတယ်။ ဒါကြောင့်မို့ ကျွန်မတို့ က တနင်္ဂနွေနေ့ဆိုရင် စိပ်ပုတီး စိပ်ခြင်းပဲ ပြုလုပ်ပြီး တခြားဘုရားရှိခိုး ဝတ်ပြုကိုးကွယ်ခြင်း လုပ်တာမျိုးမရှိ တော့ဘူး။ ဒါကြောင့်မို့ ကျွန်မတို့ အခက်အခဲကို ဂန့်ဂေါမြို့ပေါ်က တာဝန်ကျဘုန်းဘုန်းကို တင်ပြ ထားပါတယ်။ ဒါပေမယ့်သူက ဟားခါး ဆရာတော်ကို တင်ပြပေးထားခြင်း ရှိမရှိတော့မသိဘူး။ သာသနာမြေ ကလည်း ဘုန်းဘုန်း ဂျွန်မောင်ဆန်းက မုံရွာမှာ တာဝန်ကျပြီး ဂန့်ဂေါဖက်ကို လှမ်းအုပ်ချုပ်တဲ့ အချိန်တုန်းက ဝယ်ထားပေးတယ်။ မြေတော့ ရှိတယ်။ အဲဒီမြေပေါ်မှာ ဓမ်္မဆရာ နေအိမ်ဆောက်ဖို့ ကျွန်မတို့က မတတ်နိုင်ဘူး” ဟု ဂလိုရီးယား သတင်းဂျာနယ်သို့ ရင်ဖွင့်ပြောပြခဲ့သည်။
“ကျွန်မတို့ကက်သလစ် ဘာသာဝင်တွေထဲမှာ ဘာသာဝင် အမျိုးသားဟူ၍ နှစ်ယောက်သာ ရှိပြီး သူတို့နှစ်ဦးသည်လည်း ယခုဆိုလျှင် မလေးရှားနိုင်ငံသို့ အလုပ်လုပ်ရန် ထွက်သွားကြသဖြင့် လောလောဆယ် တွင် ကျွန်မတို့ဖလှယ်ခုံရွာက ကက်သလစ်အသင်းတော်ထဲမှာ ယောင်္ကျားဟူ၍ တစ်ယောက်မှ မရှိတော့ကြောင်း၊ ဒါကြောင့်မို့ ကျွန်မတို့ဘာသာဝင်တွေကို ဦးဆောင် ပေးမည့် ဓမ်္မဆရာတစ်ဦးကို ဟားခါး ဆရာတော်က ခန့်ပေးဖို့ တောင်းဆို လိုပါတယ်” ဟု ဂလိုရီးယားသတင်း ဂျာနယ်သို့ ရင်ဖွင့်ပြောပြခဲ့သည်။

ယောမြေ

1359  Views
Previous: အစ်္စလာမ်ဘာသာဝင်ဦးရေသည် ကမ်္ဘာပေါ်တွင် အများဆုံးလူဦးရေသို့ ရောက်ရှိလာနိုင်ကြောင်း စစ်တမ်းတစ်ခုက ဖော်ပြထား
Next: အာဖရိကနိုင်ငံသားများတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုဖန်တီးပေးကြရန် ကာဒီနယ်ဆရာတော် ယောဟန်အဲန်ဂျူးက တိုက်တွန်း