သင်မသိသေးသော ဗာတီကန်နိုင်ငံအကြောင်း (၁၀) ခု

4a

(တင်ဆက်ရေးသားသူ၊ ဂျိုးဇက်ကုန်ဇမှုန်း)

၁။ ဗာတီကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် အသေးဆုံးသော နိုင်ငံဖြစ်သည်။

ဗာတီကန်နိုင်ငံသည် (၂) မိုင်ပတ်လည်ဖြင့် ဝန်းရံထားပြီး အီတလီနိုင်ငံနှင့် နယ်နိမိတ်ရှိလေသည်။ ဤနိုင်ငံသည် လွတ်လပ်ပြီးအချုပ် အခြာပိုင်သော နိုင်ငံတစ်ခုဖြစ်ပြီး အကျယ်အဝန်းမှာ ဧက (၁၀၀) သာ ရှိကာ အမေရိကန်နိုင်ငံရှိ နယူးယောက်မြို့လယ်ကောင်က ပန်းခြံ၏ ရှစ်ပုံတစ်ပုံမျှသာ ရှိပြီး ရဟန်းမင်းကြီးက ဦးဆောင်အုပ်ချုပ်သော ဘုရင်အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးသည်။ ဗာတီကန်နိုင်ငံသည် ကိုယ်ပိုင်ယူရိုငွေကြေး၊ ကိုယ်ပိုင်တံဆိပ် ခေါင်း၊ နိုင်ငံကူးလက်မှတ်၊ ယာဉ်လိုင်စင်၊ ကိုယ်ပိုင်ရုပ်မြင်သံကြားနှင့်သတင်းစာ၊ ကိုယ်ပိုင် အလံနှင့်ကိုယ်ပိုင် နိုင်ငံတော်သီချင်းများ ရှိသည်။ ဗာတီကန်နိုင်ငံတွင် အကောက်ခွန်စနစ်ကင်းမဲ့သော်လည်း ပြတိုက်ဝင်ကြေး၊ တံဆိပ်ခေါင်းကြေး၊ အမှတ်တရပစ်္ဆည်းများ ရောင်းရငွေများနှင့် အလှူငွေများဖြင့် နိုင်ငံ၏ဝင်ငွေကို ရှာဖွေရရှိနေသည်။

၂။ အီတလီဘုရင်ဗီတာအီမာနူအဲလ် (၃) ကိုယ်စား ဘေနိတို မူဆိုလီနီက ဗာတီကန်နိုင်ငံကို တည်ရှိစေသည့် စာချုပ်ကို လက်မှတ်ရေး ထိုးခဲ့သည်။

အီတလီနိုင်ငံနှင့်ကက်သလစ်အသင်းတော်အကြားတွင် တည်ရှိနေသော အငြင်းပွားမှုများကို လာတေရန် စာချုပ်အား ၁၉၂၉ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ချုပ်ဆိုပြီးနောက် ပြီးဆုံးသွားပြီး ဖြစ်သည်။ ၎င်းစာချုပ်ကို အီတလီဘုရင် ဗီတာအီမာနူအဲလ် (၃) ကိုယ်စား ဘေနိတို မူဆိုလီနီကလည်းကောင်း၊ ရဟန်းမင်းကြီးကိုယ်စား ကာဒီနယ်ဆရာတော် ကြီး ပီယားထရို ဂါစာပါရီကလည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြပြီး ၎င်းစာချုပ်ကို အီတလီနိုင်ငံ၏ (၁၉၄၈) ခုနှစ် အခြေခံဖွဲ့စည်း ပုံဥပဒေက အတည်ပြုပေးခဲ့သည်။ ၎င်းလာတေရန်စာချုပ်သည် ရပ်ကွက်မျှသာ ရှိသောဗာတီကန်ကို ဗာတီကန်နိုင်ငံအဖြစ် ရပ်တည်ခွင့်ပြု ထားပြီး ဗာတီကန်နိုင်ငံအား အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် တည်ရှိခွင့်ပြုထားသည့်အပြင် ၎င်းစာချုပ်အရ အီတလီအစိုးရက ရဟန်းမင်းကြီးများ အုပ်ချုပ် ခဲ့သော ပြည်နယ်များကို အီတလီအစိုးရက ပြန်လည်သိမ်းယူခြင်းအပေါ် လျှော်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၉၂ သန်းကို ဗာတီကန်နိုင်ငံအား ပေးလိုက်သည်။ ထိုသို့စာချုပ်ကိုချုပ်ဆိုပြီးနောက် အီတလီနိုင်ငံကိုလည်း ကောင်း၊ ရောမမြို့ကို အီတလီနိုင်ငံ၏ မြို့တော်အဖြစ်လည်းကောင်း အသိအမှတ်ပြုလိုက်ပြီး ဗာတီကန် နိုင်ငံသည်လည်း မြေဧက (၁၀၉) ဧကကို အီတလီအစိုးရထံမှာ ရရှိသည့်အပြင် ဗာတီကန်နိုင်ငံသည် ရရှိလာသောလျှော်ကြေးငွေကို မိမိ၏စီးပွားရေးလုပ်ငန်း အရင်းအနှီးငွေအဖြစ် အသုံးပြုခဲ့သည်။

၃။ ရဟန်းမင်းကြီးများသည် နှစ်ပေါင်း (၆၀) (၁၈၀၀ မှ ၁၉၀၀ ခုနှစ်) အတွင်း ဗာတီကန်မှ အပြင်သို့ မထွက်ခဲ့ကြပေ။

၁၈၀၀ ခုနှစ်မှ စတင်ပြီး နန်းတက်ခဲ့ကြသော ရဟန်းမင်းကြီးများသည် အီတလီအလယ်ပိုင်းရှိ ရဟန်းမင်းကြီးများ လက်အောက်ရှိ ပြည်နယ်များကို အီတလီတစ်နိုင်ငံလုံး ပြန်လည်ပေါင်းစည်းသည့် ၁၈၇၀ ခုနှစ်အထိ အုပ်ချုပ်ခဲ့ကြသည်။ အာဏာရ လာသော အီတလီအစိုးရသည် ဗာတီကန်နေရာတစ်ဝိုက်ကလွဲပြီး ရဟန်းမင်းကြီးများ အုပ်ချုပ်ခဲ့သော တခြားပြည်နယ်များအားလုံးကို သိမ်းပိုက်လိုက်ကြသည်။ ရဟန်းမင်းကြီးများသည် အီတလီဘုရင်နိုင်ငံ၏အာဏာကို အသိအမှတ်မပြုဘဲ ဗာတီကန်သည် အီတလီ အစိုးရ၏အုပ်ချုပ်မှု ပြင်ပတွင် ကျန်နေခဲ့သည်။ ရဟန်းမင်းကြီး ပီအူး (၉) က မိမိကိုယ်ကို ဗာတီကန်၏အကျဉ်းသား ဟု ကြေညာ ခဲ့ပြီး နှစ်ပေါင်း (၆၀) အတွင်း ရဟန်းမင်းကြီးများသည် ဗာတီကန်မှ အပြင်ထွက်ရန် ငြင်းဆန်ခဲ့သည့်အပြင် အီတလီအစိုးရ အာဏာပိုင် များထံသို့လည်း အညံ့မခံခဲ့ကြပေ။ အီတလီစစ်တပ်များက ဗာတီကန်နန်းတော်ရှေ့ရှိ စိန်ပီတာရင်ပြင်တွင် စုရုံးနေကြချိန်တွင် ရဟန်းမင်းကြီးများက ၎င်းစစ်တပ်များကို ကောင်းကြီးပေးရန် ငြင်းဆန်ခဲ့ကြသကဲ့သို့ ရဟန်းမင်းကြီးက ပရိသတ်များအား သြဝါဒပေးနှုတ် ဆက်လျက်ရှိသော ပြတင်းပေါက်တွင်လည်း မပေါ်လာခဲ့ကြပေ။

၄။ ရဟန်္တာပီတာ၏ဘုရားကျောင်းတော်ကြီးသည် သေဆုံးသူများအုတ်ဂူထိပ်တွင် တည်ဆောက်ထားသည်။

ရုပ်တုကိုးကွယ်သော ခေတ်အခါက ရောမလူမျိုးများကို မြှုပ်ထားသော သချိုင်းသည် ဗာတီကန်တောင်ထိပ်တွင် တည်ရှိခဲ့သည်။ သို့သော် (၅၄) ခုနှစ်က ဖြစ်ပွားသော မီးလောင်မှုက ရောမမြို့ကို များစွာ ဖျက်ဆီးခဲ့ပြီးနောက် ဘုရင်နီရိုက မိမိကိုယ်ကိုအပြစ်တင်မည့်အစား ခရစ်ယာန်များကို မီးရှို့သူများအဖြစ် စွပ်စွဲခဲ့သည်။ ထို့ကြောင့် နီရိုဘုရင်သည် ခရစ်ယာန်မြောက်မြားစွာကို မီးရှို့သတ်ပစ်ခဲ့သည့် အပြင် တချို့ကို တောရိုင်းတရိစ်္ဆာန်များအား အစာအဖြစ် ကျွေးခြင်းနှင့် ကျန်တချို့ကိုမူ လက်ဝါးကပ်တိုင်ပေါ်တွင် တင်သတ်ခဲ့ သည်။ ထိုကဲ့သို့သော ကားတိုင်တင်သတ်ခြင်းတွင် ရောမမြို့၏ပထမဆုံးဆရာတော်ကြီးနှင့် တမန်တော်ကြီးများ၏ ခေါင်းဆောင်နှင့် ခရစ်တော်ဘုရား ၏နောက်လိုက်တပည့်တော်ဖြစ်တော်မူသော ရဟန်္တာပီတာလည်း ပါဝင်တော်မူခဲ့သည်။ ရဟန်္တာပီတာသည် ဗာတီကန်တောင်၏ နက်ရှိုင်းသောသချိုင်းတွင် သဂြိုလ်ခံရသည်ဟု ယူဆခဲ့ကြသည်။ အေဒီ (၄၀၀) ခုနှစ်ရောက်ရှိ လာသော အခါ ရောမဘုရင် ကွန်စတန်တင်က ခရစ်ယာန်ဘာသာကို ရောမနိုင်ငံ၏တရားဝင်ဘာသာအဖြစ် အသိအမှတ်ပြုပြီးနောက်၊ ရဟန်္တာ ပီတာ၏အုတ်ဂူဟု ယူဆရသော ရှေ့ခေတ်သချိုင်းထိပ်တွင် ဘုရားကျောင်းတော်ကြီးကို စတင်တည်ဆောက်ခဲ့သည်။ ယခုလက်ရှိ ရှိနေသော စိန်ပီတာဘုရားကျောင်းတော်ကြီးသည် (၁၅၀၀) ခုနှစ် ဝန်းကျင်က စတင်တည်ဆောက်ခဲ့ကြပြီး ရဟန်္တာပီတာ၏ အုတ်ဂူဟုယူဆရသော အုတ်ဂူအပေါ်တွင် အခြေချတည်ဆောက်ခဲ့ကြသည်။

၅။ ရောမဘုရင် ကာလီဂူလာက စိန်ပီတာရင်ပြင်ထဲတွင် တည်ထားသော ထိပ်ချွန်သောမျက်နှာ ကျောက်တိုင်ရှည်ကို သိမ်းပိုက် ခဲ့သည်။

ရောမဘုရင် ကာလီဂူလာသည် ဗာတီကန်တောင်ခြေရင်းတွင် ရှိသော မိမိမိခင်၏အိမ်ဝင်းထဲတွင် သေးငယ်သော ဆပ်ကပ်ပြပွဲတစ်ခုကို တည်ဆောက်ထားသည်။ ဗာတီကန်တောင်ခြေရင်းသည် ရထားစစ်သည်များ လေ့ကျင်ရာနေရာနှင့် နေရိုးဘုရင်က ခရစ်ယာန်များကို သတ်ဖြတ်သောနေရာ ဖြစ်သည်။ ခုံတည်းရှည်သောဇာတ်ခုံ၏အလယ်ကို ထီးနန်းတင်ရန် အလို့ဌာ၊ ကာလီဂူလာသည် မိမိစစ်တပ် ကို ဟေလီပိုလီတွင် တည်ရှိနေသော ပိုင်လုံကို အီဂျစ်နိုင်ငံမှ သယ်ဆောင်လာခိုင်းသည်။ အလေးချိန် (၃၅၀) တန်လေး ပြီး နှမ်းဖတ်ကျောက်ဖြင့်ပြုလုပ်ထားသော အနီရောင်ရှိ ထိပ်ချွန်သောမျက်နှာ ကျောက်တိုင်ရှည်သည် ဘီစီ (၃၀၀၀) ကျော်က အီဂျစ်ဘု ရင်ဖြစ်သော ဖာရောဘုရင်အတွက် တည်ဆောက်ထားသော ကျောက်တိုင်ရှည် ဖြစ်သည်။ အေဒီ ၁၅၈၆ ခုနှစ်တွင် ၎င်းကျောက်တိုင်ရှည် ကို စိန်ပီတာရင်ပြင်သို့ ပြောင်းရွှေ့လာခဲ့ပြီး ယခုတိုင် စိုက်ထူထားလျက် ရှိနေသည်။

၆။ ရဟန်းမင်းကြီးများသည် ၁၄ ရာစုမတိုင်ခင်အထိ ဗာတီကန်နိုင်ငံတွင် မနေထိုင်ခဲ့ကြပေ။ စိန်ပီတာရင်ပြင်ကို တည်ဆောက်ပြီး သည့်တိုင်အောင် ရဟန်းမင်းကြီးများသည် ရောမမြို့ရှိ လာတေရန်နန်းတော်တွင် အခြေတကျ မနေထိုင်ခဲ့ကြပေ။ သူတို့သည် ဗာတီကန်မြို့မှ အေဒီ ၁၃၀၉ ခုနှစ်တွင် ထွက်ခွာသွားကြပြီး ပြင်သစ်ဘုရင် ဖိလစ် (၄)က ပြင်သစ်နိုင်ငံမှကာဒီနယ်ဆရာတော် တစ်ပါးအား ရဟန်းမင်းကြီးအဖြစ် အရွေးခံရရန် ပြုလုပ်ရာတွင် ရဟန်းမင်းကြီး၏တရားရုံးကို ပြင်သစ်နိုင်ငံရှိ အာဗီနန်မြို့ တွင် နေထိုင်ခဲ့ကြသည်။ ရဟန်းမင်းကြီး (၇)ပါးတို့သည် ပြင်သစ်နိုင်ငံသားများ ဖြစ်ကြပြီး ဗာတီကန်ကို အာဗီနန်မြို့မှ အုပ်ချုပ်ခဲ့ကြ သော် လည်း ရဟန်းမင်းကြီးသည် ၁၃၇၇ ခုနှစ်အထိ ရောမမြို့သို့ မပြန်လာခဲ့ပေ။ ၎င်းအချိန်တွင် ဗာတီကန်နန်းတော်သည် မီးလောင် သွားပြီးနောက် ပြနလည်မွမ်းမံခဲ့ကြပြီး ရဟန်းမင်းကြီးသည် ဗာတီကန်သို့ ပြန်လာခဲ့ကြသည်။ မီးလောင်သွားသော ဗာတီကန် ကို ပြန်လည်မွမ်းမံသော်လည်း ကြီးမားသော ပြိုကျမှုကြောင့် ဝံပုလွေများသည် သချိုင်းရှိခန်္ဓာကိုယ်များကို တူးထုတ်ပြီး နွားများသည်လည်း ဘုရားကျောင်းဝင်းထဲတွင် လှည့်လည်ပတ်ခဲ့ကြသည်။

၇။ ဗာတီကန်နိုင်ငံသည် ဆွီလုံခြုံရေးအဖွဲ့ကို ကြေးစားစစ်သည်များအဖြစ် ဌားရမ်းထားသည်။

ဆွီဇလန်နိုင်ငံမှ စစ်သင်တန်းအောင် မြင်ပြီးသော လူပျို များကို ရဟန်းမင်းကြီးများအား ကာကွယ်ရန်အတွက် ၁၅၀၆ ခုနှစ်မှစတင်ပြီး ဌားရမ်းခဲ့သည်။ ထိုသို့ဌားရမ်း ခြင်းမှာ ဥရောပနိုင်ငံအများအပြားသည် ၎င်းအချိန်တွင် မိမိတို့၏လုံခြုံရေးအတွက် ကြေးစား စစ်သည်များ ကို ဌားရမ်းကြသကဲ့သို့ ရဟန်းမင်းကြီး ဂျူလီအူးစ် (၂) သည်လည်း မိမိ၏လုံခြုံရေးအတွက် ဆွီဇလန်နိုင်ငံမှ ကြေးစားစစ်သည်များကို စတင်ဌားရမ်းခဲ့သည်။ ဗာတီကန်နိုင်ငံ၏ ဆွီဇလန်လုံခြုံရေးအဖွဲ့သည် အသေးငယ်ဆုံးနှင့်အခမ်းအနားပြ လုံခြံရေးသမားများ သာ ဖြစ်ကြသော်လည်း သူတို့သည် ခေတ်မှီစစ်ပညာကို သင်ယူပြီးဆုံးကြပြီး ခေတ်မှီလက်နက်များကို ကိုင်ဆောင်ထားကြသည်။ ဗာတီကန်နိုင်ငံ၏ လုံခြုံရေးတပ် ဖွဲ့သည် ဆွီဇလန်နိုင်ငံသားများကိုသာ လုံးလုံးဌားရမ်းထားသည်။

၈။ ဗာတီကန်နိုင်ငံ၏သမိုင်းထဲက အကြိမ်ပေါင်းများစွာတွင် ရဟန်းမင်းကြီးများသည် လှို့ဝှက်ထွက်ပေါက်မှ ထွက်ပြေးနိုင်ခဲ့ကြသည်။ ၁၂၇၇ ခုနှစ်တွင် မိုင်ဝက်ရှည်လျားသော မြေအောက်ထွက်ပေါက်လမ်းတစ်ခုကို ဗာတီကန်ဝင်းနှင့် တီဘာမြစ်ကမ်းရှိ ကာစတာဆန် အန်ဂျေလိုနေရာတို့အကြားတွင် တူးဖော်ခဲ့ကြသည်။ ၎င်းထွက်ပေါက်လမ်းသည် ရဟန်းမင်းကြီးများ၏ လွတ်မြောက် ထွက် ပြေးရာ လမ်းဖြစ်သဖြင့် ရဟန်းမင်းကြီးတို့ကို အသက်ဘေးကမှ ကယ်ဆယ်နိုင်ခဲ့သည်။ အထူးသဖြင့် ၁၅၂၇ ခုနှစ်တွင် ရောမဘုရင် ချားလ်စ် (၅) က ဗာတီကန်မြို့ကို သိမ်းပြီး ကက်သလစ်ရဟန်းများနှင့်သီလရှင်များကို သတ်ဖြတ်ချိန်တွင် ဆွီဇလန်လုံခြုံ ရေးအဖွဲ့သည် ရဟန်းမင်းကြီး ကလေးမင်း (၇)အား ၎င်းမြေအောက်ထွက်ပေါက်မှ ဘေးကင်းစွာ ခိုးထွက်နိုင်ရန် ကာကွယ်ခဲ့ကြသော ကြောင့် စစ်သည် ၁၄၇ ယောက် သည် သေဆုံးခဲ့ကြသော်လည်း ရဟန်းမင်းကြီးသည် ကလေးမင်း (၇) သည် ဘေးကင်းစွာ ကာစတာဆန်အန် ဂျေလိုနေရာသို့ လွတ်မြောက် နိုင်ခဲ့သည်။

၉။ ဗာတီကန်နိုင်ငံသည် ကမ်္ဘာ့လူဦးရေအနည်းဆုံးသောနိုင်ငံ ဖြစ်သည်။ ဗာတီကန်နိုင်ငံတွင် ၂၀၁၁ ခုနှစ်စာရင်းအရ၊ ၉၅၄ ဦး သာ ရှိသည်။ ၎င်းဦးရေထဲတွင် ကာဒီနယ် (၇၁) ပါး၊ ဆွီဇလန်လုံခြုံရေးသမား (၁၀၉) ဦး၊ ရဟန်း (၅၁) ပါးနှင့်သီလရှင် (၁) ပါးတို့ ဖြစ်ကြသည်။ သို့သော် တကမ်္ဘာလုံးတွင် သံတမန်လုပ်ငန်းကို ဆောင်ရွက်နေသော သံတမန်ဦးရေမှာ (၃၀၇) ဦး ရှိကြပြီး ရဟန်းမင်းကြီးဘေနေဒီ (၁၆) က အနားယူပြီဖြစ်သောကြောင့် ဗာတီကန်နိုင်ငံတွင် လူဦးရေအနည်းငယ် တိုးတက်လာဖွယ် ရှိသည်ဟု ခန့်မှန်းရသည်။

၁၀။ ဗာတီကန်နိုင်ငံသည် အဝေးကြည့်မှန်ပြောင်းတစ်ခုကို အရီဇိုနားတွင် တပ်ဆင်ထားသည်။ ဗာတီကန်နိုင်ငံသည် ခေတ်မှီတိုး တက်လာသော မြို့ပြအိမ်ရာများကြောင့် လေထုညစ်ညမ်းမှုများ ရှိလာရာ ဗာတီကန်လေ့လာရေးဌာနရှိ နက်္ခတ်္တဗေဒ ပညာရှင်များသည် ညတွင် ကောင်းကင်ကို ကြည့်ပြီးအကဲဖြတ်ရန် ခက်ခဲလာသည်။ ထို့ကြောင့် ၁၉၈၁ ခုနှစ်တွင်မူ ဗာတီကန်နိုင်ငံ ၏ ဒုတိယလေ့ လာရေးဌာနတစ်ခုကို အာရီဇိုနားပြည်နယ်ရှိ တာဆန်မြို့တွင် ထပ်မံဖွင့်လှစ်ခဲ့ကြသည်။ ဗာတီကန်နိုင်ငံသည် နက်္ခတ်္တဗေဒဆိုင်ရာ သုတေသနလုပ်ငန်းများကို အာရီဇိုနားပြည်နယ်၏အရှေ့တောင်ဖက်ရှိ ဂရေဟမ်တောင်ထိပ်တွင် တည်ရှိနေသော နိုင်ငံတော် အနုပညာအနုမြူမှန်ပြောင်းဌာနနှင့်အတူ ပြုလုပ်လျက် ရှိနေသည်။ ဂျိုးဇက်ကုန်ဇမှုန်း (နှရိန်း)

2152  Views
Previous: ကက်သလစ်ကာဒီနယ်ချားလ်စ်ဘိုက မြန်မာနိုင်ငံကို ပိုပြီးဖွံ့ဖြိုးရေးအကူအညီများ ဆက်ပေးကြရန် အင်္ဂလန်နိုင်ငံအား တိုက်တွန်း
Next: “ကက်သလစ်သာသနာတော်တွင် Dogma ယုံကြည်ရာအချက်ပေါင်း ၂၅၅ ခုရှိသည်” ဟု ဘုန်းတော်ကြီး ဒေါက်တာ ဒေါမိနစ်သက်တင် မိန့်ကြားတော်မူ (ဒုတိယပိုင်း)