မံစီမြို့မှ မိုင်ဂျာရွာသို့ မောင်းလာသည့် ပါဂျဲရိုးအပြာရောင်ပေါ်မှ ကျွန်းသစ်ခွဲသား (၅၅)တုံးဖမ်းမိ

4-b

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် သစ်တောရေးရာနှင့် ရဲတို့ပူးပေါင်းအဖွဲ့က တရားမဝင်သစ်များ သယ်ဆောင် သူများကို သတင်းပေးချက်အရ စုံစမ်းစစ်ဆေး ဖမ်းဆီးအရေးယူမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မေလ(၁၆)ရက် ညနေ(၅)နာရီအချိန်၌ ဗန်းမော်မြို့ရဲစခန်းမှ ရဲအုပ်ဦးလွင်ဦးစီးသည့် တပ်ဖွဲ့ဝင်(၆)ဦး ၊ မြို့နယ် သစ်တော်ဦးစီးဌာနမှ တောအုပ်ညီမင်း ၊တောခေါင်း ရဲခေါင်း ၊စိုင်းသီဟတို့နှင့်အတူ ဗန်းမော်မြို့နှင့် (၇)မိုင်ခန့် အကွာရှိ မံဂွတ်ကျေးရွာ ဘုရားကုန်းဈေးတန်း၌ တရားမဝင်သစ်များသယ်ဆောင်နေကြောင်း သတင်းပေးချက် အရ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မံစီမြို့မှ မိုင်ဂျာရွာသို့ မောင်းနှင်လာသော ပါဂျဲရိုးအမျိုးအစား အပြာရောင် ယာဉ်အမှတ်(သ/၅၅၈၈) မော်တော်ကားကို ရပ်တန့်စစ်ဆေးစဉ် ယာဉ်မောင်း ကျော်ဇင်ဝင်းသည် ထွက်ပြေးတိမ်းရှောင်သွားသော် လည်း မော်တော်ယာဉ်ပေါ်မှ ယာဉ်ပိုင်ရှင် ဒေါ်စန်းစန်းခိုင်နှင့်အတူ တရားမဝင် ကျွန်းသစ်ခွဲသား သုံးပေတို(၅၅)တုံး ၊ အလေးချိန် (ဝ.၈၉၅)တန် ဒေသပေါက်ဈေး (၃၃၁၁၅၀)ကျပ် ပေါက်ဈေးရှိ သစ်များကို ဖမ်းဆီးရမိခဲ့သည်။

တရားမဝင် ကျွန်းသစ်ခွဲသားများ သယ်ဆောင်မှုပြုသူများကို မြို့မရဲစခန်းမှ ရဲအုပ်ဦးလွင်က တရားလိုပြု တိုင်တန်းသဖြင့် (ပ)၁၃၈/၂၀၁၄ ဥပဒေပုဒ်မ ၊ ပြည်သူပိုင်  ၆(၁)ဖြင့် အမှုဖွင့်ထားပြီး ဒုရဲအုပ် ကျော်မြတ်သူမှ အမှုကို စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

အလားတူ ဖမ်းဆီးမှုမျိုးကို ဗန်းမော်မြို့နယ် ဧရာဝတီမြစ် အနောက်ဖက်က ကောင်းစင် ၊ ရေလဲပါပေါင်း ၊ မြစေတီကျေးရွာများ တစ်လျှောက်၌ သစ်များကို တရားမဝင် သယ်ဆောင်နေကြသဖြင့် သွားရောက်စုံစမ်း ရှာဖွေရာ ကောင်းစင် ကျေးရွာအထက် ဖက် ဧရာဝတီမြစ်ကမ်းဘေး၌ ဟွန်ဒါ စက်လှေ(၂)စီး ကျွန်းသစ်ခွဲသား ဆိုဒ်စုံ (၁.၅)တန် ကိုလည်း မေလ(၁၄)ရက်နေ့တွင် ရှာဖွေဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

1606  Views
Previous: ရန်ဘက်နှင့်မိတ်ဘက်ရှိနေသည့် ကြိုးတန်းပေါ်က မြန်မာနိုင်ငံ့အရေး
Next: ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ ရခိုင်လက်နက်ကိုင်တပ်များ ချထားပေးရေး တောင်းဆိုတော့မည်