ဖွဲ့စည်းပုံပြင်ဆင်ရေး ချောင်းသာကျေးရွာ၌ ဆန္ဒထုတ်ဖော်

10-b

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်၊ ချောင်းသာကျေးရွာတွင် ၂၀၀၈ ဖွဲ့စည်းပုံခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ဒေသခံ (၃၀၀)ကျော်က မေလ(၂၀)ရက်နေ့က ဆန္ဒဖော် ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်သူများသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သောပုဒ်မ၄၃၆၊ ပုဒ်မ ၅၉ (ဃ)၊ ၅၉ (စ) တို့ ပြင်ဆင်ပေးရေးကို ခွင့်ပြုမိန့်ယူကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ပုဒ်မ ၄၃၆က ဒီမိုကရေစီနည်းမကျသလို ပုဒ်မ ၅၉ (စ)ကလည်း ကျွန်တော်တို့ချစ် တဲ့ ခေါင်းဆောင်ကို သမ္မတဖြစ်ခွင့်မရအောင် သီးသန့်ရည်ရွယ်ပြီး ရေးဆွဲထားသ လိုဖြစ်နေလို့ အဲ့ဒါတွေပြင်ပေးဖို့ အခုလိုဆန္ဒဖော်ထုတ်တာပါ။” ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူချောင်းသာကျေးရွာမှ ကိုသိန်းဦးက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)ပုဒ်မ (၄၃၆)မှ (၇၅)ရာခိုင်နှုန်းကျော် ထောက်ခံရမည် ဟူသော ဒီမိုကရေစီ နည်းမကျသည့် အနေအထားကို (၅၀)ရာခိုင်နှုန်းကျော် ဟု ပြောင်းလဲသတ်မှတ်ပြင်ဆင်ပေးပါရန် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်သည်ဟု ဆန္ဒဖော် ထုတ်သူတို့က ဆိုသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲသည် ဧရာဝတီတိုင်းအတွင်း (၂၀၀၈)အခြေခံဥပဒေပြင်ဆင်ရေး အတွက် မြို့ပေါင်း (၁၆)မြို့ ပါဝင်လာပြီးနောက် နာမည်ကြီး ကမ်းခြေဖြစ်သော ချောင်းသာ ကမ်းခြေမှ ဒေသခံများကလည်း ပူးပေါင်းပါဝင်လာခြင်းဖြစ်ပြီး ဇလွန်မြို့နှင့် ဘိုကလေးမြို့တို့ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ အခြေခံဥပဒေပါ ပုဒ်မ(၅၉)(စ)မပြင်ဆင်ရေး ဆန္ဒဖော်ထုတ်ပွဲများပြုလုပ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်သူတို့သည် ချောင်းသာကျေးရွာလမ်းမများ လမ်းတစ်လျှောက် နံနက်(၈း၀၀)နာရီမှ (၉း၀၀)နာရီ အထိ လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

1602  Views
Previous: နိုင်ငံတကာအဖွဲ့အစည်းပေါင်း နှစ်ဆယ်ကျော် ရခိုင်၌ ရုံးခန်းပြန်လည်ဖွင့်လှစ်
Next: ပဋိပက္ခ စောင့်ကြည့်ကြီးကြပ်ရေး ဆွေးနွေးနိုင်ရန် KIA မှကိုယ်စားလှယ်အဖွဲ့ မြစ်ကြီးနားရောက်ရှိ