ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဂျာမဏီနိုင်ငံ၏ အထောက်အပံ့ ယူရို ၇သန်း ရရှိ

21-b

မေလ ၂၀ ရက်နေ့က နေပြည်တော်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ဂျာမန်ဖွံ့ဖြိုး တိုး တက်ရေးဘဏ်မှ ယူရို ၇သန်း အကူအညီ ပေးရေးဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ ကျင်းပခဲ့သည်။

ဂျာမန်ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်မှယူရို ၇ သန်းကို မြန်မာနိုင်ငံကျေးလက်ဒေသအခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေး အတွက်အကူအညီပေးခြင်းဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်း အနားကို မေလ၂၀ ရက်နေ့ နံနက် ၁၁ နာရီခွဲတွင် အမျိုးသား စီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။

`ယူရို ၇ သန်း ပေးအပ်တာကတော့ ကျေးလက် ဒေသလမ်းများနဲ့ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက် အကူရအောင်၊  ကျေးလက်နေပြည်သူတွေရဲ့ လူမှုစီးပွားရေး အခြေအနေများ တိုးတက်လာ အောင် ဂျပန်ကကူညီပေးတဲ့ သဘောပါပဲ`ဟုအမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဋ္ဌာနကညွှန်ကြားရေးမှူးက ပြောသည်။

အဆိုပါ သဘောတူ စာချုပ်အရ ဂျာမန် အစိုးရ၏ အထောက်အပံ့ဖြင့် ဂျာမန်ဖွံ့ဖြိုး တိုးတက်ရေးဘဏ် KFW မှ အကူအညီငွေ ယူရို ၇ သန်း ပေးအပ်ခြင်းဖြင့်မြန်မာနိုင်ငံ ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ ကျေးလက်ဒေသများဖွံ့ဖြိုးရေး၊ ကျေးလက် ဒေသလမ်းများနှင့် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက် အကူရရှိကာ ကျေးလက်နေ ပြည်သူတို့၏ လူမှုစီးပွားရေးတိုး တက်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရသည်။

” အခုလို ဂျာမဏီက ဒေသဖွံ့ဖြိုးရေးထောက်ပံ့တယ်ဆိုတော့ ကောင်းပါတယ်၊ဘယ်နေရာတွေမှာ သုံးမယ်၊ ဘယ်လိုသုံးမယ်ဆိုတာတော့ မသိရသေးဘူးပေါ့၊အခုမှသဘောတူတယ်လို့ သိရတယ်” ဟု ရှမ်းပြည်နယ်တောင်ပိုင်းမှ ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် အမျိုးသား စီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ကိုယ်စား နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းထွန်းနိုင် ၊မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကိုယ် စား မွေးမြူရေးနှင့် ရေလုပ် ငန်း ညွှန်ကြားမှုဦးစီး ဌာနညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ မြင့်သိန်းနှင့် ဂျာမန်ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (KFW) ကိုယ်စား KFW ဥရောပနှင့် အာရှဒေသ ဆိုင်ရာညွှန် ကြားရေးမှူးချုပ် Mr. Roland Siller ၊ KFW (ရန်ကုန်ရုံး)ညွှန်ကြားရေးမှူး Mr. Christian Richer တို့မှ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ယခုပေးအပ်သော ဂျာမန် ဖွံ့ဖြိုးရေး ဘဏ်၏ ယူရို ၇ သန်းသည် ၁၉၈၈ နောက်ပိုင်း ဂျာမနီနိုင်ငံ က မြန်မာနိုင်ငံသို့ ၂၅ နှစ်အတွင်း ပထမဆုံးပြန်လည်ပေးအပ်သည့် အထောက်အပံ့လည်း ဖြစ်သည်။

1452  Views
Previous: မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများထံ ပေးစာ
Next: ကမ္ဘာ့ကက်သလစ်ခရစ်ယာန် ဘာသာဝင်ဦးရေသည် သန်းထောင်ပေါင်း ၁.၂၂၈ ရှိနေပြီဟု ဗာတီကန်ရုံးတော်မှ ထုတ်ပြန်