ကိုရိုနာဗိုင်းရပ်စ် ဗီဇပြောင်းမျိုးကွဲသစ် အကြောင်း ဘယ်လောက်ထိ သိထားလဲ။
ယူကေနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဗီဇပြောင်းမျိုးကွဲသစ် ဟာ ကူးစက်မှုကို မြန်စေလို့ ခရစ္စမတ်ကာလအတွင်း လူစုလူဝေးမလုပ်ရဆိုတဲ့ တင်းကျပ်မှု အသစ်တွေ ချမှတ်ခဲ့ရသလို၊ ယူကေက လာတဲ့ ခရီးသွားတွေကို တားမြစ်ပိတ်ပင်တဲ့ နိုင်ငံတွေတောင်ရှိလာပါပြီ။
ဗိုင်းရပ်စ် ဟာ ပိုမိုကူးစက် ပျံ့နှံ့လွယ်ပေမဲ့ ရောဂါပြင်းထန်လာတဲ့ အထောက်အထားကို မတွေ့ရသေးဘူးလို့ ကျန်းမာရေး ပညာရှင်တွေက ဆိုကြပါတယ်။ ဒါပေမဲ့ ကူးစက်မှုနည်းခဲ့ရာက နေ လျင်လျင်မြန်မြန် ကူးစက်မှုတွေ ဘယ်လိုဖြစ်လာတာလဲ။
အခုဆိုရင် အစိုးရ အကြံပေးတွေက ကူးစက်မှုနှုန်းဟာ တခြားဗိုင်းရပ်စ် မျိုးကွဲသစ်တွေထက် ပိုမြန်ကြောင်း အတန်အသင့်ယုံကြည်ရတယ်လို့ ပြောလာကြပါပြီ။
ဒါပေမဲ့ အခုချိန်အထိ ဓာတ်ခွဲစမ်းသပ်မှုတွေ လုပ်နေဆဲပါ။ မသေချာတဲ့ အနေအထားတွေရှိနေသလို အဖြေမရှိတဲ့ မေးခွန်းတွေလည်း အများကြီးရှိနေပါတယ်။ ဗိုင်းရပ်စ်ဟာ ဗီဇပြောင်းလဲတာမျိုးက ဖြစ်တတ်ပါတယ်။ သူ့ရဲ့ ကူးစက်မှု ပုံပန်းသဏ္ဍန်ကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်ဖို့ အရေးကြီးပါတယ်။
ဗိုင်းရပ်စ် မျိုးကွဲသစ်ဟာ ဘာကြောင့် စိုးရိမ်စရာဖြစ်လာတာလဲ။
စိတ်ဝင်စားစရာ အချက်သုံးချက် ရှိပါတယ်။
၁။ ဒီဗိုင်းရပ်စ်ဟာ တခြားမျိုးကွဲတွေနေရာမှာ အလျင်အမြန် အစားထိုး နေရာယူလာပါတယ်။
၂။ ဗီဇပြောင်းလဲ သက်ရောက်မှုက အင်မတန်မှ အရေးကြီးတဲ့အချက်ပါ။
၃။ ဗီဇပြောင်း ဗိုင်းရပ်စ် က ဆဲလ်တွေဆီ ကူးစက်မှုမြန်တာကို ဓာတ်ခွဲခန်းမှာ တွေ့ရပါတယ်။
ဒီ သုံးချက် ကြောင့် ဗိုင်းရပ်စ် ကူးစက်မှုနှုန်းမြန်တာက သတိထားစရာဖြစ်လာပါတယ်။ သို့သော် တိတိတိကျကျတော့ မပြောနိုင်သေးပါဘူး။ အချိန်မှန်၊ နေရာမှန်ရောက်သွားရင်တော့ ကူးစက်မှု များနိုင်ပါတယ်။ ဥပမာ လန်ဒန်မြို့မှာ အရင် အဆင့် ၂ တင်းကျပ်မှု ပဲ ရှိခဲ့တာပါ။
အခုတော့ ကူးစက်မြန်လာတဲ့ဗိုင်းရပ်စ် ကို ထိန်းချုပ် နိုင်ဖို့ တင်းကျပ်မှု အဆင့် ၄ ထိ သတ်မှတ် လိုက်ရပါပြီ။
ဒီလိုဖြစ်နေတာကို ဓာတ်ခွဲစမ်းသပ်ဖို့တော့ လိုပါတယ်။ ဒါပေမဲ့ ဒီရလဒ်တွေ မသိရခင်မှာ တင်းကျပ်မှုတွေ မလုပ်ဘဲ စောင့်ကြည့်မလား။ အဲဒါက မဖြစ်သင့်ဘူး ပိတ်ဆို့မှုတွေ လုပ်လိုက်တာ က ပိုကောင်းတယ်လို့ မျိုးဗီဇကွဲအကြောင်း လေ့လာနေတဲ့ ပါမောက္ခ နစ် လိုမန်က ပြောပါတယ်။
ဘယ်လောက် အထိ ကူးစက်မှုမြန်နေလဲ။
စက်တင်ဘာမှာ စပြီး ဒီဗိုင်းရပ်စ် ကို သိလာပါတယ်။ နိုဝင်ဘာလ ရောက်တဲ့အခါမှာ လန်ဒန်က ကူးစက်မှု လေးပုံ တစ်ပုံဟာ ဒီဗိုင်းရပ်စ် မျိုးကွဲသစ် ဖြစ်နေပါတယ်။ ဒီဇင်ဘာလမှာတော့ ကူးစက်မှု သုံးချိုး နှစ်ချိုးက ဒီဗိုင်းရပ်စ် ဖြစ်နေပါတယ်။
မီတန် ကင်း လိုဒေသမျိုးမှာ ဗိုင်းရပ်စ် ရဲ့ လွှမ်းမိုးမှုရှိနေတာကို စမ်းသပ်မှုတွေ အရ တွေ့မြင်နေရပါတယ်။
ယူကေ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ကတော့ သတင်းစာရှင်းလင်းပွဲမှာ ဗိုင်းရပ်စ် မျိုးကွဲသစ် ရဲ့ ကူးစက်မှုနှုန်းဟာ ၇၀ ရာခိုင်နှုန်း ပိုများတယ်လို့ ဆိုပါတယ်။
ကျန်းမာရေး သုတေသီတွေရဲ့ ပြောဆိုချက်အရ ကူးစက်မှုနှုန်းဟာလည်း အထက်ပါ အတိုင်းအတာ ပမာဏ ရှိတယ်လို ပြောကြပါတယ်။
ဘယ်လောက်အထိ ပျံ့သွားပြီလဲ။
ဗိုင်းရပ်စ် မျိုးကွဲသစ်ဟာ ယူကေက လူနာတစ်ယောက်ဆီကနေ လာတာ ဒါမှမဟုတ် ဗီဇပြောင်းလဲမှုကို စောင့်ကြည့်တာ နည်းတဲ့ ပြင်ပနိုင်ငံက တစ်ခုက လာတဲ့ လူတစ်ဦးဆီကနေ တစ်ဆင့်ကူးစက်တာလားလို့ တွေးစရာ ရှိပါတယ်။
ယူကေတစ်ဝန်းမှာ ကူးစက်ခံရမှုကို တွေ့မြင်နေရပေမဲ့ မြောက်အိုင်ယာလန်မှာတော့ မတွေ့ရပါဘူး။ အများအားဖြင့် လန်ဒန် နဲ့ အင်္ဂလန် အရှေ့တောင်ပိုင်းတွေမှာ တွေ့နေရတာ ဖြစ်ပါတယ်။ တခြားနေရာတွေမှာလည်း ကူးစက်မှုတွေက နည်းပါးတဲ့ အရိပ်အယောင် မရှိပါဘူး။
ဒိန်းမတ်၊ နယ်သာလန်နဲ့ သြစတြေးလျ တို့မှာလည်း ယူကေက လာတဲ့ဗိုင်းရပ်စ် အမျိုးအစားကို တွေ့ရတယ်လို့ ဗီဇ မျိုးကွဲတွေအကြောင်း စောင့်ကြည့်နေတဲ့ Nextstrain ရဲ့အချက်အလက်တွေ ထဲမှာ ဖော်ပြထားပါတယ်။
တောင်အာဖရိကမှာလည်း အလားသဏ္ဍန်တူတဲ့ ဗိုင်းရပ်စ် မျိုးကွဲသစ်ကို တွေ့ရပေမဲ့ လက်ရှိ ဗိုင်းရပ်စ် မျိုးကွဲသစ်နဲ့ ဆက်စပ်မှု ရှိတာကိုတွေ မတွေ့ရသေးပါဘူး။
အရင်က ဒါမျိုး ဖြစ်ခဲ့ဖူးလား။
ဖြစ်ခဲ့ဖူးပါတယ်။ ဝူဟန်မှာ စတင် တွေ့ခဲ့ရတဲ့ ဗိုင်းရပ်စ် အမျိုးအစားနဲ့ ကမ္ဘာ့ နေရာအနှံမှာ တွေ့ရတဲ့ ဗိုင်းရပ်စ်တွေဟာ မတူညီကြပါဘူး။
ဖေဖော်ဝါရီလတုန်းက ဥရောပမှာ D614G ဆိုတဲ့ ဗိုင်းရပ်စ် မျိုးကွဲသစ်ကို စတင်တွေ့ရှိခဲ့ရပြီးနောက် ကမ္ဘာကို ကူးစက်ပျံ့နှံသွားတာဖြစ်ပါတယ်။
တခြား A222V ဆိုတဲ့ ဗိုင်းရပ်စ် ကိုလည်း စပိန်ကို နွေရာသီ အားလပ်ရက်တွေ သွားလည်ခဲ့လို့ ကူးစက်မှု ခံရသူတွေမှာ တွေ့မြင်ခဲ့ရပါတယ်။
ဗိုင်းရပ်စ် မျိုးကွဲသစ် အကြောင်း ဘယ်လောက်သိထားပြီလဲ။
မျိုးဗီဇပြောင်း အရေးကြီး ပြောင်းလဲမှု ၁၇ခု ဆိုတဲ့ စစ်တမ်း တစ်ခုမှာ ဗိုင်းရပ်စ် မျိုးကွဲသစ် အကြောင်း ဖော်ပြထားပါတယ်။
အဲဒီမှာ ဗိုင်းရပ်စ် ရဲ့ ပရိုတိန်း အချွန်လေးရဲ့ ပြောင်းလဲမှုကြောင့် လူ့ကိုယ်ခန္ဓာအတွင်း ဝင်ရောက် ပြီး ဆဲလ်တွေမှာ ကပ်ညှိဖို့ လွယ်ကူသွားတာကိုတွေ့ရပါတယ်။
N501Y ဆိုတဲ့ မျိုးဗီဇဟာ ပရိုတိန်းအချွန်လေးရဲ့ အရေးကြီးတဲ့ အချက်ဖြစ်ပြီး ကူးစက်မှုရဲ့ အဓိက အချက် ဖြစ်ပါတယ်။
ဒီအချက်က အရေးကြီးပြီး လူပေါ်မှာ ကပ်ညှိသွားတဲ့ အခါမှာ ကိုယ်တွင်းဝင်ဖို့ လွယ်ကူ သွားစေတာ ဖြစ်တယ်လို့ ပါမောက္ခ လိုမန် က ဆိုပါတယ်။
တခြားဗီဇမျိုးကွဲ ဖြစ်တဲ့ ပရိုတိန်း အချွန်လေး မပါတဲ့ H69/V70 ကို တွေ့မြင်ခဲ့ရပြီး အမွှေးရှည် မြွေပါတွေမှာ ကူးစက်ခံထားရတာကို တွေ့မြင်ခဲ့ရပါတယ်။
ကိန်းဘရစ်ချ် တက္ကသိုလ်က ပါမောက္ခ ရာဗီ ဂူပတာ ရဲ့ လေ့လာတွေရှိချက်မှာ ဒီဗိုင်းရပ်စ်တွေဟာ ကူးစက်မှု ၂ဆ မြန်တာကို စစ်ဆေးတွေ့ရှိထားပါတယ်။
သူတို့ လေ့လာဆန်းစစ်ထားတဲ့ အချက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးမှ သက်သာလာတဲ့ လူနာရဲ့ သွေးရည်ကြည်ဟာ ဒီဗိုင်းရပ်စ် ကို မတိုက်ခိုက်ဘူးလို့လည်း ဆိုပါတယ်။
ဒါကြောင့် ကူးစက်မှု တိုးပွားလာတဲ့ အတွက် အစိုးရနဲ့ သုတေသီတွေက စိုးရိမ်နေတာ ဖြစ်တယ်လို့ ပါမောက္ခ ရာဗီ ဂူပတာက ပြောပါတယ်။
ဘယ်က လာတာလဲ။
ဒီဗိုင်းရပ်စ် မျိုးကွဲသစ်ဟာ မကြုံစဖူး ဗီဇပြောင်းနေတာဖြစ်ပါတယ်။
ကိုယ်ခံအားနည်းတဲ့၊ ဗိုင်းရပ်စ်ကို မတိုက်ထုတ်နိုင်တဲ့ လူနာ တစ်ယောက်ဆီမှာ ဗီဇပြောင်းသွားတာ ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ဟာ ဗိုင်းရပ်စ် ဗီဇပြောင်းရာ နေရာ တစ်ခု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
သေနှုန်းပိုများနိုင်သလား။
တိကျခိုင်လုံတဲ့ သက်သေတော့ မရှိသေးပါဘူး။ ဒါပေမဲ့ မျက်ခြေမပြတ် စောင့်ကြည့်ရမှာပါ။ သို့သော် ကူးစက်မှုနှုန်းမြင့်မားနေတာကြောင့် ဆေးရုံတွေ အတွက် ပြဿနာ ဖြစ်လာနိုင်ပါတယ်။
လူများများ ကူးစက်ခံရမယ်ဆိုရင် ဆေးရုံမှာ ကြပ်မတ်ကုသမှု ပိုလိုလာမှာ ဖြစ်တဲ့ အတွက် ကျန်းမာရေး ဝန်ထမ်းတွေ အတွက် အခက်အခဲ ဖြစ်နိုင်ပါတယ်။
ဗိုင်းရပ်စ် ကာကွယ်ဆေးက မျိုးကွဲသစ် အပေါ်မှာ ထိရောက်နိုင်လား။
လောလောဆယ် အဖြေကတော့ ထိရောက်နိုင်ပါတယ်။ လက်ရှိ ထိပ်တန်း ကာကွယ်ဆေး ၃ ခု စလုံးက ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ဗိုင်းရပ်စ် အချွန်လေးတွေကို တိုက်ထုတ်ပေးတာပါ။ ဒါကြောင့်လည်း ထိရောက်မှု ရှိရဲ့လား ဆိုတဲ့ မေးခွန်းတွေ ပေါ်ပေါက်လာတာပါ။
ကာကွယ်ဆေးက ကိုယ်ခံအား စနစ်ကို နိုးဆွပေးပြီး ဗိုင်းရပ်စ် ရဲ့ အခြား အစိတ်အပိုင်းတွေကို တိုက်ထုတ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ပရိုတိန်း အချွန်လေးက ဗီဇ ပြောင်းခဲ့ရင်တောင်မှ အလုပ်ဖြစ်နိုင်ပါသေးတယ်။
ဒါပေမဲ့ ဗီဇပြောင်းလဲမှု များရင်တော့ စိုးရိမ်ရတယ်လို့ ပါမောက္ခ ဂူပတာက ပြောပါတယ်။ ဗိုင်းရပ်စ် ဟာ ကာကွယ်ဆေးဒဏ်က လွတ်အောင်လို့ ခြေလှမ်းနေတာမျိုး ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ကာကွယ်ဆေးက မတိုးတဲ့ ဗိုင်းရပ်စ် အဖြစ်ပြောင်းလဲသွားရင်တော့ လူတွေကို ထပ်မံ ကူးစက်မှုတွေ ဖြစ်လာမှာပါ။ ဒီအချက်က ဗိုင်းရပ်စ် မျိုးကွဲသစ် ဗီဇပြောင်းလဲမှု ရဲ့ အစိုးရိမ်ရဆုံး အချက် ဖြစ်နေပါတယ်။
ဗိုင်းရပ်စ်ဟာ ကူးစက်မှုတွေ များလာတာနဲ့အမျှ ပြောင်းလဲမှုတွေ ဖြစ်လာတယ်ဆိုတာကို အခု မျိုးကွဲသစ်က ပြနေတာဖြစ်ပါတယ်။
ကာကွယ်ဆေးကို ရှောင်နိုင်တဲ့ ဗိုင်းရပ်စ် ဗီဇပြောင်းလဲမှု ဖြစ်သွားနိုင်တယ်လို့ ပါမောက္ခ ဒေးဗစ် ရောဘတ်ဆန် က သူ့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ဒါက တုပ်ကွေး ဗိုင်းရပ်စ် ရဲ့ ဗီဇပြောင်းလဲပုံနဲ့ သွားတူနေပါတယ်။ တုပ်ကွေး ကာကွယ်ဆေးဟာ နှစ်စဉ် ပြောင်းလဲပြီး ထုတ်လုပ်နေရတာဖြစ်ပါတယ်။
အလားတူပါပဲ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ပြောင်းလဲ ထုတ်လုပ်ဖို့ လိုကောင်းလိုလာ ပါလိမ့်မယ်။ ကံကောင်းတဲ့ အချက်က လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေက ပြောင်းလဲဖို့ အလွန်ကို လွယ်ကူနေတာဖြစ်ပါတယ်။ (Reference: BBC Burmese)