အယ်ဒီတာ့အာဘော်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တိုင်းပြည်ငြိမ်းချမ်းရေး

         ကျွန်တော်မှတ်မိသေးသည်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြုပြင်သင့်သည်ဟု လွှတ်တော်ထဲတွင် ပထမဆုံး ပြောဆိုသူမှာ ကြံ့ခိုင်ရေးပါတီမှ လွှတ်တော် အမတ်မဟုတ်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ လွှတ်တော်အမတ် ဦးသိန်းညွှန့်ပင် ဖြစ်သည်။ သို့သော် ဦးသိန်းညွှန့်သည် ၎င်းအခြေခံဥပဒေကို ပြင်ဆင် သင့်သည်ဟူသော ပြောဆိုချက်ကို လွှတ်တော်ထဲတွင် တရားဝင်အဆိုတင်သွင်းခြင်းတော့ မဟုတ်သည်ကို လွှတ်တော်ရုပ်မြင်သံကြားလိုင်းတွင် ကြည့်ရှု နားထောင်ရင်း ကြားလိုက်ရခြင်း ဖြစ်သည်။ ထိုသို့ဖြင့် ၂၀၁၃ ခုနှစ် ကုန်ပိုင်းတွင်မူ၊ ကြံခိုင်ရေးပါတီမှ လွှတ်တော်အမတ်တစ်ဦးက လွှတ်တော်ထဲတွင် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်သင့်သည်ဟူသော အဆိုကို တရားဝင်တင်သွင်းပြီး လွှတ်တော်ဥက္ကဌမှ လက်ခံလိုက်သည်။ အမှန်စင်စစ်၊ လွှတ်တော်ဥက္ကဌတွင်မူ လွှတ်တော်အမတ်တစ်ဦးဦးမှ တင်သွင်းသောအဆိုကို ပယ်ချပိုင်ခွင့် (ဝါ) ဆွေးနွေးရန်ခွင့်ပြုပိုင်ခွင့် ရှိရာတွင်၊ ထိုကဲ့သို့သော ကြံခိုင်ရေးပါတီမှ လွှတ်တော် အမတ်တစ်ဦးက လွှတ်တော်ထဲတွင် ၂၀၀၈ ခုနှစ်အခြေခံဥပဒေကို ပြင်ဆင်သင့်သည်ဟူသော အဆိုကို လွှတ်တော်ထဲတွင် တရားဝင်ဆွေးနွေးရန် လက်ခံ လိုက်ခြင်း သည် နိုင်ငံရေးအရ လက်ဦးယူမှုတစ်ခု ဖြစ်ပေသည်။ ထိုသို့ဆိုသော် ကြံခိုင်ရေးပါတီသည် လွှတ်တော်ထဲတွင် မည်ကဲ့သို့သော နိုင်ငံရေးအမြတ် ထုတ်ခြင်းကို ပြုလုပ် သနည်းဟု စောဒကတက်စရာ ရှိလာလေသည်။
အမှန်ဆိုရသော်၊ ၂၀၀၈ ခုနှစ်အခြေခံဥပဒေကို ပြင်ဆင်ရန် လုပ်ဆောင်သွားမည်ဟု နိုင်ငံရေးရည်မှန်းချက်ကို ပြည်သူလူထုအား တရားဝင်ချပြသော နိုင်ငံရေးပါတီကမူ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွ့ဲချုပ်ပင် ဖြစ်ပေသည်။ သို့သော် ၂၀၀၈ ခုနှစ်အခြေခံဥပဒေကို ပြင်ဆင်ရန် လုပ်ဆောင်သွားမည်ဟု နိုင်ငံရေးရည်မှန်းချက်ချမှတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်အမတ်တစ်ဦးဦးက လွှတ်တော်ထဲတွင် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ရန်အဆိုကို မတင်သွင်းမီ ကြံခိုင်ရေးပါတီမှ လွှတ်တော်အမတ်တစ်ဦးက လက်ဦးတင်သွင်းခြင်းသည် မိမိတို့ပါတီ၌ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းလိုသော ခံယူချက်ရှိသည် ဟု ပြည်သူအား မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်ဟု ယူဆမိပါသည်။
သို့သော် ၂၀၁၄ ခုနှစ်မှစတင်ပြီး ကြံ့ခိုင်ရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွ့ဲချုပ်ပါတီတို့အကြားတွင် ၂၀၀၈ ခုနှစ်အခြေခံဥပဒေကို ပြင်ဆင်ရေးလှုပ်ရှားမှုသည် ဆန့်ကျက်ဖက် ဦးတည်နေသည်ကို တွေ့ရှိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၈ ခုနှစ်အခြေခံဥပဒေကို ပြင်ဆင်ရေးအောင်မြင်ရန်အတွက် အဓိကပုဒ်မ ဖြစ်သော (၄၃၆) ကို ဦးစားပေးပြင်ဆင်ရန်အတွက် ပြည်သူများ၏ ထောက်ခံမှုကို မိမိသဘောအရလက်မှတ်ထိုးခြင်းဖြင့် ပြည်သူများအကြားတွင် အရှိန်ကောင်းကောင်း လှုပ်ရှားလိုက်သည်။ ၈၈ ကျောင်းသား များအဖွ့ဲကလည်း ဒေါ်စုကို ထပ်မံထောက်ခံရင်း နောက်ဆုံးတွင်မူ တိုင်းရင်းသားအဖွဲ့များကလည်း သူမ၏လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်လာ ကြတော့သည်။ ဒေါ်စု၏လှုပ်ရှားမှုကို တနည်းအားဖြင့်ဆိုရသော် ပြည်သူ့ဗဟိုပြုနိုင်ငံရေးဟု ဆိုရပေမည်။ နောက်ဆုံးတွင်မူ ၂၀၀၈ ခုနှစ်အခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် စစ်တပ်၏ထောက်ခံမှုကို ရရှိမှ ပြင်ဆင်နိုင်စေမည့် အခြေအနေပေါ်တွင်၊ ဒေါ်စုက တပ်မတော် သည် လွှတ်တော်အထဲတွင် ရှိနေခြင်းသည် တိုင်းပြည်အတွက် မကောင်းကြောင်း၊ တပ်မတော်သည် အမျိုးသားလုံခြုံရေးတွင်သာ လုပ်ဆောင် သင့်ကြောင်းဖြင့် တဖြည်းဖြည်း နိုင်ငံရေးအရှိန်မြင့်လာလေတော့သည်။
ထိုအချိန်တွင် သမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ပြီးမှသာ ၂၀၀၈ ခုနှစ်အခြေခံဥပဒေကို ပြင်ဆင်လိုသည်ဟု ပြည်သူများအား မိန့်ကြားသော လစဉ်မိန့်ခွန်း၏ မေလအတွက် မိန့်ကြားသော မိန့်ခွန်းတွင် ထည့်သွင်းမိန့်ကြားလာတော့သည်။ ထိုကဲ့သို့သော သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းပေါ် ဒေါ်စုက ၂၀၀၈ခုနှစ်ဖွ့ဲစည်းပုံဥပဒေကို ပြင်မှသာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရရှိနိုင်မှာဖြစ်ကြောင်း၊ ထို့ကြောင့် သမ္မတဦးသိန်းစိန်သည် ၂၀၀၈ ခုနှစ်အခြေခံဥပဒေကို ပြင်ဆင်လိုသူမဟုတ်၊ ဒီမိုကရေစီစနစ်ကို တကယ်အကောင်အထည်ဖော်လိုသူမဟုတ်ဟု ဝေဖန်ထိုးနှက် လိုက်လေတော့သည်။
ထိုသို့သော ဦးသိန်းစိန်နှင့်ဒေါ်စုတို့၏နိုင်ငံရေးခံယူချက်များကို သုံးသပ်ရသော်၊ သူတို့နှစ်ဦး၏ လွန်ခဲ့သော သုံးနှစ်အတွင်းက မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေး မှုများသည် ဒီမိုကရေစီယဉ်ကျေးမှုကို ဖန်တီးခြင်းကလွဲပြီး နိုင်ငံရေးအရ တိုင်းပြည်အတွက် အကျိုးမရှိသော တွေ့ဆုံခြင်း၊ ဦးသိန်းစိန်က ဒေါ်စုကို နိုင်ငံတကာတွင် အလှမယ်တစ်ဦးကဲ့သို့ အလှပြတွေ့ဆုံခြင်းသက်သက်သာ လုပ်ဆောင်သည်ဟု သုံးသပ်ရသည်။ လက်ရှိပြည်သူများအကြားတွင် ရေပန်းစားနေကြသော နိုင်ငံရေး ပါတီများဖြစ်ကြသည့် ကြံ့ခိုင်ရေးပါတီနှင့်အမျိုးသား ဒီမိုကရေစီပါတီတို့၏ နိုင်ငံရေးရည်မှန်းချက်ဆိုင်ရာ ပွင့်လင်းမြင်သာမှုကို ကြည့်ရပြန်သော် ဒေါ်စုခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီ ပါတီတို့၏ နိုင်ငံရေးရည်မှန်းချက်သည် ပွင့်လင်းမြင်သာမှု အရှိဆုံး ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ၏နိုင်ငံရေးရည်မှန်းချက် သည်  ပွင့်လင်းမြင်သာမှု အားနည်းနေသည်ဟု သတိထားမိပါသည်။
ထို့ကြောင့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးစွာ ပြင်ဆင်ခြင်းသည် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီထွန်း ကားရေးနှင့် အမျိုးသားပြန်လည်စည်းလုံးညီညွှတ်ရေးတံခါးမကြီးကို ဖွင့်လှစ်ပေးနိုင်မည့် အဓိကသော့ချက် ဖြစ်ကြောင်းဖြင့် တိုက်တွန်းအပ်ပါသည်။

                                                                                                                                                                                                                                          အယ်ဒီတာချုပ်

1381  Views
Previous: ဂျပန်နိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က နူကလီယားစွမ်းအင်အသုံးပြုခြင်းစနစ်ကို စွန့်လွှတ်ရန် ဂျပန်ဝန်ကြိးချုပ်အာဘေးကို တောင်းဆို
Next: ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ဂျပန်နိုင်ငံဂျပန်ဝန်ကြိးချုပ်အာဘေးအား လက်ခံတွေ့ဆုံတော်မူ