တိုင်းဒေသကြီးအဆင့် ကျောင်းကုန်းလယ်ယာမြေဆွေးနွေးပွဲသို့ အုပ်ချုပ်ရေးအဖွဲ့ မတက်ရောက်

47-b

မျိုးမင်းထွန်း

ဇူလိုင်(၂၉)ရက်၊ ပုသိမ်။

လယ်ယာမြေအရေးဆွေးနွေးပွဲကို ဇူလိုင်လ(၂၇)ရက်နေ့က ကျောင်းကုန်းမြို့တွင် ကျင်းပရာ ဧရာဝတီ တိုင်း ဒေသကြီး ဒုတိယလွှတ်တော်ဥက္ကဌနှင့် တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးဝန်ကြီးတို့ တက်ရောက်သော်လည်း ကျောင်းကုန်းအုပ်ချုပ်ရေးအဖွဲ့အစည်းမှ တာဝန်ရှိသူများမ တက်ရောက်ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆွေးနွေးပွဲကို လယ်ယာမြေအရေးလှုပ်ရှားသူများက ဦးဆောင်စီစဉ်ခဲ့ပြီး မြို့တော်ခန်းမစတင်ဌား ရမ်းစဉ် ကပင် အခက်အခဲများရှိခဲ့ပြီး ဒေသဆိုင်ရာမြေစာရင်းဦးစီးဌာန တာဝန်ရှိသူများနှင့် စိုက်ပျိုးရေး တာဝန်ရှိသူများသာ တတ်ရောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ “တိုင်းဒေသကြီးအဆင့်က ပုဂ္ဂိုလ်တွေ တောင်လာကြတယ်။ နောက်ပြီး ဒီဒေသမှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်း တွေရော၊ ဌာနဆိုင်ရာအသီးသီးတွေရော၊ အားလုံးကို တလေးတစား ဖိတ်စာကြိုတင်  ပေးထားတယ်။ စုံစုံ လင်လင် တက်စေချင်လို့ဖိတ်တယ်။ ဒါပေမယ့် မလာကြဘူး။ ကွေ့ပတ်ရှောင်နေတယ်”ဟု ကျောင်းကုန်းမြို့မှ လယ်ယာမြေအရေးလှုပ်ရှားသူ ဦးတင့်လွင်က ပြောသည်။

 အဆိုပါ ဆွေးနွေးပွဲသို့ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး၊ ဆည်မြောင်း၊ မွေးမြူရေးနှင့် ရေလုပ် ငန်း၊ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ မတက်ရောက်သည့်အတွက် ဒေသခံလယ်သမားများမှာ အဆိုပါဌာနများ နှင့်ပတ်သတ်၍ ဖြစ်ပွားနေသော ပြဿနာများကို မေးမြန်းခွင့့်မရရှိခဲ့ကြောင်း လယ်သမားများ ထံမှ သိရသည်။

 မြို့နယ်အဆင့်ဌာနဆိုင်ရာများ မတက်ရောက်ခြင်းအပေါ် ဖော်ထုတ်ရန် ဧရာဝတီတိုင်းဒေသကြီး ဒုတိယ လွှတ်တော်ဥက္ကဌက တိုက်တွန်းခဲ့ပြီး စိုက်ပျိုးမွေးမြူရေးဝန်ကြီးကလည်း ဥပဒေနှင့်မညီသော လယ်ယာမြေ စီမံခန့်ခွဲမှုများကို အရေးယူရန်ပြောဆိုသွားကြောင်း သိရှိရသည်။

“လမ်းပေါ်ထွက်ပြောတာထက်စာရင် ဒီကနေ့လိုပြောတာ ကျွန်တော်သိပ်ဝမ်းသာတယ်။ ကျွန်တော်ထင် တာ ဟိုဘက်က ဘယ်လိုထင်လဲ။ ဟိုဘက်ကလည်းသက်သက်ညစ်နေတာ ဆိုရင်တော့ သူတို့အတွက် တရားဥပဒေ လမ်းကြောင်းပဲရှိတယ်”ဟု အဆိုပါ ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစန်းမောင်က ပြောကြားသည်။

 အဆိုပါ အခမ်းအနားသို့ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ လယ်သမား(၁၀၀)ကျော် တက်ရောက် ခဲ့ကြောင်း သိရသည်။

1614  Views
Previous: ရန်ကုန်ကက်သလစ်သာသနာပိုင်ချုပ်သည် ဒုတိယအကြိမ်သာသနာ့ညီလာခံကို သြဂုတ်လ ၂ ရက်နေ့တွင် စတင်ကျင်းပမည်
Next: ပြည်တွင်းခရီးသွားများကြောင့် ကျောက်မဲ နဂါးမောက်သီးများ ဈေးကောင်းရနေ