အင်္ဂလီကန်အသင်းတော်က အမျိုးသမီးရဟန်းများအား ဆရာတော်ဖြစ်ပိုင်ခွင့် ပြုလိုက်ပြီ

56-b

အင်္ဂလီကန်အသင်းတော်သည် အမျိုးသမီးရဟန်းများအား ဆရာတော်ဖြစ်ပိုင်ခွင့်ပြုလိုက်ကြောင်းဖြင့် ဇူလိုင်လ ၁၄ ရက်နေ့က ကျင်းပပြုလုပ်သော  အင်္ဂလီကန်အသင်းတော်၏ သာသနာ့ညီလာခံက အတည်ပြုဆုံးဖြတ်လိုက်သည်။ အင်္ဂလီကန်အသင်းတော်၏ ခေါင်းဆောင်ဖြစ်သော ဆရာတော်ကြီး ဂျက်စတင်းဝဲလ်က ““အခုလိုမျိုး ဥပဒေကို အတည်ပြုလိုက်ခြင်းသည် မိမိတို့ရဲ့ယုံ ကြည်ခြင်းနှင့် မျှော် လင့်ခြင်းတွေထဲမှာ စွန့်စားနေခြင်းကို ပိုမိုခိုင်မာသွားစေသလိုပဲ၊ အန္တရာယ်များ၊ မသေချာမှုများ ကို ဖော်ဆောင်လာသလို အောင်မြင်မှုတွေကို ရရှိဖို့အတွက်လည်း သမာဓိရှိခြင်းနှင့်သတ္တိတို့ကို လိုအပ် ကြကြောင်း”” သတိပေးတော်မူလိုက်သည်။

မသေချာမှုများထဲက သေချာသော အချက်ကမူ၊ ကက်သလစ်သာသနာတော်နှင့် အင်္ဂလီကန်အသင်းတော် အကြားတွင် ဖြစ်ထွန်းနေသော ပြန်လည်ပေါင်းစည်းခြင်းလုပ်ငန်းစဉ်အပေါ် မသေချာခြင်းပင် ဖြစ်သည်။ အကြောင်းရင်းကား၊ ကက်သလစ်သာသနာတော်၊ အော့သဒေါ့ အသင်းတော်နှင့်အရှေ့အော့သဒေါ့ အသင်းတော်တို့တွင်မူ ““ခရစ်တော်ဘုရားက အမျိုးသားများကိုသာ မိမိ၏တပည့်တော်များအဖြစ် ရွေး ချယ်တော်မူခဲ့တာမို့ အမျိုးသားများသာ ရဟန်းနှင့်ဆရာတော်ဖြစ်ခွင့်ကို ရရှိနိုင်သည်”” ဟု လက်ခံ ယုံကြည်ထားကြပါသည်။

သို့သော် ခရစ်ယာန်များစည်းလုံးညီညွတ်ရေးဆိုင်ရာရဟန်းမင်းကြီးကော်မရှင်မှ ဖာသာရ်အန်ထော်နီ ကူရာကမူ၊ အင်္ဂလီကန်အသင်းတော်၏ ဆုံးဖြတ်ချက်သည် အထူးအဆန်းမဟုတ်တော့ကြောင်း၊ အမေရိကန်နှင့်ကာနေဒါနိုင်ငံများတွင်လည်း အမျိုးသမီးဆရာတော်များ ရှိနေပြီဖြစ်ကြောင်း”” ဖြင့် မှတ်ချက်ပြုတော်မူလိုက်သည်။ ဆက်လက်ပြီး သူက၊ တခြားခရစ်ယာန်ဂိုဏ်းကွဲများရဲ့ အဓိကမိခင်ဖြစ်တဲ့ အင်္ဂလီကန်အသင်းတော်က အခုလို ဆုံးဖြတ်တာကတော့ ဘာလိုပဲဖြစ်ဖြစ် ထူးဆန်းကြောင်း၊ ဒါကြောင့်မို့ ကက်သလစ်သာသနာ တော်နှင့်အင်္ဂလီကန် အသင်းတော် အကြားတွင် ဖြစ်ထွန်းနေသော ပြန် လည်ပေါင်းစည်းခြင်းဆိုင်ရာ ဆွေးနွေးမှုတွေကိုတော့ ဆက်လက်လုပ်ဆောင်နေရမှာ ဖြစ်ကြောင်း”” ဖြင့် မိန့်ကြားတော်မူလိုက်သည်။

ခရစ်ယာန်များစည်းလုံးညီညွတ်ရေးဆိုင်ရာရဟန်းမင်းကြီးကော်မရှင်ဥက္ကဌဖြစ်တော်မူသော ကာဒီနယ်လ် ဆရာတော်ကြီး ဝေါလ်တာကာစ်ပဲ ကမူ၊ အင်္ဂလီကန်အသင်းတော်၏အမျိုးသမီးရဟန်းများအား ဆရာတော်ဖြစ်ပိုင်ခွင့်ပြုလိုက်ခြင်းသည် အသင်းတော်နှစ်ခုအကြား ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် လုပ်ဆောင်မှုတွင် ရဟန်းသိက္ခာတင်ခြင်း၏ တရားဝင်မှုကို အသိအမှတ်ပြုနိုင်ရန် အတားအဆီး တစ်ခုအဖြစ်သို့ ရောက်ရှိလာစေသည်ဟု တုံ့ပြန်ပြောဆိုလိုက်သည်။

အင်္ဂလီကန်အသင်းတော်၏ သာသနာ့ညီလာခံသည် တစ်နှစ်လျှင်အနည်းဆုံး (၂) ကြိမ် ကျင်းပရသော ညီလာခံအမျိုးအစားဖြစ်ပြီး၊ အသင်းဝင်ပေါင်း ၄၈၄ ဦးဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အင်္ဂလီကန်အသင်းတော်သည် အင်္ဂလီကန်အသင်းတော်၏ သာသနာ့ညီလာခံဆုံးဖြတ်ချက်များကို အင်္ဂလန်ဘုရင်မထံသို့ ဆက်သပြီးဘုရင်မထံတော်မှ သဘောတူညီမှုရရှိမှသာ ၎င်းဆုံးဖြတ်ချက် များသည် ဥပဒေအဖြစ်သို့ ရောက်ရှိလာမည် ဖြစ်ပေသည်။ အင်္ဂလီကန်အသင်းတော်သည် အမျိုးသမီးများအား ရဟန်းဖြစ်ခွင့်ကို ၁၉၉၄ ခုနှစ်တွင် စတင်ကျင့်သုံးလာခဲ့သည်။ ထို့နောက် အင်္ဂလီကန်အသင်းတော်၏အမျိုး သမီးရဟန်းများအား ဆရာတော်ဖြစ်ပိုင်ခွင့်ကို ၂၀၁၂ ခုနှစ်တွင် ဆွေးနွေးခဲ့ကြသော်လည်း ကန့်ကွက် သူများပြားမှုကြောင့် ၎င်းအဆိုသည် ရှုံးနိမ့်ခဲ့ရကြောင်း သိရှိရသည်။ ဝင်းလှိုင်ဦး

1641  Views
Previous: ဗာတီကန်နိုင်ငံရဲ့ရွှေချောင်းတွေကို ဘယ်မှာစုဆောင်းထားသလဲ။
Next: ကုလသမဂ္ဂဆိုင်ရာ ဗာတီကန်သံအမတ်ကြီးအဖြစ် ဖိလစ်ပိုင်နိုင်ငံသား ဆရာတော်ကြီး ဘေနာဒိတို အိုဇာအား ရဟန်းမင်းကြီးက ခန့်အပ်တော်မူ