CDM ဆရာ၊ ဆရာမများနေရာတွင် အစားထိုးခန့်ရန် စစ်ကောင်စီ ကြိုးပမ်း

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ သင်ကြားရေး ဌာနများမှ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်နေသည့် ဆရာ၊ ဆရာမများ နေရာတွင် အစားထိုးခန့်ထားရန် စစ်ကောင်စီက ကြိုးပမ်းနေသည်။

စစ်ကောင်စီက မေ ၅ ရက်တွင် တက္ကသိုလ်ကျောင်းများ စတင်ဖွင့်နိုင်ရေး အတွက် ကြိုးပမ်းခဲ့သော်လည်း အများစုသော CDM ဆရာ၊ ဆရာမများနှင့် စီမံဝန်ထမ်းများက ကျောင်းပြန်မတက်သဖြင့် ၎င်းတို့အား တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း စစ်ကောင်စီက မေ ၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။

တက္ကသိုလ် ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီ (RC of UTAs)မှ ထုတ်ပြန်သည့် မေလ ၈ရက်နေ့ စာရင်းအရ တက္ကသိုလ်အသီးသီးရှိ ဆရာ၊ ဆရာမနှင့် ဝန်ထမ်းဦးရေ ၁၃၀၀၀ ခန် တာဝန်မှ ယာယီရပ်ဆိုင်းခံရကြောင်း၊ တချို့ တက္ကသိုလ်များလည်း ကြေညာရန် ကျန်နေသဖြင့် အရေအတွက် ထပ်မံတိုးမြှင့်လာနိုင်ကြောင်း သိရသည်။
ထိုကဲ့သို့ တာဝန်မှ ရပ်ဆိုင်းခံရသူများတွင် ပါမောက္ခ၊ ကထိကမှသည် ရုံးအကူ၊ ငွေကိုင်၊ လုံခြုံရေး၊ သန့်ရှင်းရေး အထိ ပါဝင်သည်။

မေ ၇ ရက်တွင် စစ်ကောင်စီသည် ၎င်းတို့၏ မီဒီယာမှတဆင့် တက္ကသိုလ်၊ ကောလိပ် သင်ကြားရေးဌာန များရှိ နည်းပြ၊ သရုပ်ပြ လျှောက်လွှာခေါ်ယူ တင်သွင်းရက်နှင့် စာမေးပွဲဖြေဆိုမည့်ရက် ပြင်ဆင်ခြင်းနှင့် ပတ်သက်၍ ထည့်သွင်းကြေညာ ခဲ့သည်။

ထိုသို့ နည်းပြ၊ သရုပ်ပြများ ခန့်ထားရာတွင်လည်း အသက်ကန့်သတ်ချက်များနှင့် ပတ်သက်၍ BE/B.Arch ဘွဲ့ရရှိပြီး သူများကို ၃၀ မှ ၃၂ နှစ်၊ မဟာဘွဲ့ရရှိပြီးသူများကို ၃၅ နှစ်မှ ၃၇ နှစ်၊ မဟာသုတေသနဘွဲ့ရရှိပြီးသူများကို ၃၇ နှစ်မှ ၃၉ နှစ်၊ ပါရဂူဘွဲ့ရရှိ ပြီးသူများကို ၄၂ နှစ်မှ ၄၄ နှစ်သို့ ဖြေလျော့ပေးမည်ဟူ၍လည်း သတင်းထွက်လာသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ သမိုင်းဌာနမှ CDM ကထိက ဆရာတဦးက “ကျောင်းဆရာပဲဖြစ်ဖြစ် အခြားသော ပညာ ရပ်တွေအပေါ်မှာ အမှီပြုပြီးတော့မှ အသက်မွေးဝမ်းကြောင်း လုပ်တဲ့သူတွေပဲဖြစ်ဖြစ် တနေ့တရက်တည်းနဲ့ မွေးဖွားလို့ မရ ဘူး။ အခုလိုမျိုး လက်ပူတိုက်ပြီးတော့မှ အစားထိုးမယ်ဆိုရင်တော့ ရမလား၊ မရမလား အားလုံး ချင့်ချိန်ပြီး သိနိုင်တယ်” ဟု မှတ်ချက်ပြုသည်။

ဖေဖေါ်ဝါရီ ၅ရက် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၏ ဖဲကြိုးနီကမ်ပိန်း/ဧရာဝတီ

CDM ပြုလုပ်မှုကြောင့် တာဝန်မှ ရပ်ဆိုင်းခံရသည့် ဆရာ၊ ဆရာမ တချို့ထံ သက်ဆိုင်ရာ ပါမောက္ခများမှတဆင့် မေ ၁၁ ရက် နောက်ဆုံးထားပြီး ကျောင်းပြန်လာတက်မည်ဆိုပါက အပြစ်မှ လျှော့ပေးမည်ဖြစ်ကြောင်း၊ အသနားခံစာတင်ပါက တာဝန်ရပ်ဆိုင်းကြောင်းစာကို ပြန်ရုတ်သိမ်းပေးမည်ဖြစ်ကြောင်း စာဖြင့်၊ ဖုန်းဖြင့် အကြောင်းကြားခြင်းမျိုးများ ရှိသည်ဟု လည်း ၎င်းက ပြောသည်။

တာဝန်မှ ရပ်နားခံရသည့် စာရင်းတွင် ပါဝင်သော ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအပေါ် ပြည်သူများက ဂုဏ်ပြုချီးကျူး ကြသလို ၎င်းတို့ကိုယ်တိုင်ကလည်း ဂုဏ်ယူစရာကိစ္စရပ် တခုအဖြစ် မှတ်ယူကြသည်ကို လူမှုကွန်ရက်စာမျက်နှာပေါ် တွေ့ မြင်နေရသည်။

“ဒီလုပ်ငန်းကို ဓမ္မဘက်ကနေ ရပ်တည်နေတဲ့အတွက် ကိုယ့်ကိုယ်ကို လိပ်ပြာလုံနေတဲ့ ပုံစံမျိုးပါ။ CDM လုပ်နေတဲ့ ဆရာ၊ ဆရာမတွေနဲ့ ဝန်ထမ်းများသည် ဓမ္မဘက်က ရပ်တည်မယ့်လမ်းကြောင်းကို ဆက်လျှောက်သွားပြီးမှ အဆုံးစွန်ထိ တိုက်ပွဲ ဝင်သွားမယ်လို့ ကျနော် ယုံကြည်ပါတယ်” ဟု သမိုင်းဌာနမှ CDM ကထိက ဆရာက ပြောဆိုသည်။

ထို့မတိုင်ခင်ကလည်း CDM ပြုလုပ်နေသည့် ပါမောက္ခချုပ်နှင့် ဒုပါမောက္ခချုပ်များ၏ နေရာတွင် အစားထိုးရန် လက်ရှိ ကျောင်းတက်နေသည့် ပါမောက္ခများအား ရာထူးတိုးပေးရေး လူတွေ့စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်ဟုလည်း တက္ကသိုလ် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ထို့ပြင် ဇွန်လတွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းနေသည့် စစ်ကောင်စီသည် ဆရာ၊ ဆရာမ လိုအပ် ချက်အား ဖြည့်ဆည်းနိုင်ရန် ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် နေ့စားလပေးစနစ်ဖြင့် သင့်တော်သော လစာပေးကာ ခန့် အပ်နိုင်ရေး ဆောင်ရွက်သွားရန် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် ပညာရေးမှူးရုံးများသို့ ညွှန်ကြားထားသည့် ရုံးတွင်းစာများ လူမှုကွန်ရက်စာမျက်နှာပေါ် ပြန့်နှံ့လာသလို တချို့ဒေသများတွင် လာရောက်လျှောက်ထားသူများလည်း ရှိနေသည်။

စစ်ကောင်စီ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ CDM ဆရာတဦးက “ပညာတရပ်ကို နှစ်ပေါင်းများစွာ ဆည်းပူးလာခဲ့၊ သန္ဓေတည်လာခဲ့ပြီးတဲ့ လူမျိုးတွေ မြောက်မြားစွာက
အလုပ်မဆင်းဘဲနဲ့ ဓမ္မဘက်က ရပ်တည်နေခဲ့ကြတာ ဖြစ်တဲ့အတွက် အဓမ္မသမားတွေနဲ့အတူ အဓမ္မဘက်ကို ရပ်တည်မယ့် အခွင့်အရေးသမား တစုံတရာတွေက ဘယ်လောက်များ စွမ်းဆောင် နိုင်မှာလဲ။ ကျနော်ကတော့ အဲဒါ အောင်မြင်မှု မရှိနိုင်ဘူးလို့ ယူဆပါတယ်။ သူတို့ ဘယ်လောက်လုပ်လုပ် မအောင်မြင်ဘူး” ဟု မှတ်ချက်ပြုသည်။

စစ်ကောင်စီ အနေဖြင့် ရာထူးနှင့် တခြားမက်လုံးများပေးခြင်း၊ ဦးဆောင်သည့် ဆရာ၊ ဆရာမတချို့ကို ဖမ်းဆီးထောင်ချခြင်း၊ သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ မိသားစုများကို ဖိအားပေးခြင်းတို့ ပြုလုပ်လျက်ရှိသော်လည်း CDM ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၏ ခိုင်မာပြတ်သားသည့် ရပ်တည်ချက်ကြောင့် အရာမထင်ဘဲ လက်ရှိအချိန်ထိ စစ်ကောင်စီ၏ ယန္တရားလည်ပတ်နိုင်ရေး အထိနာနေလျက် ရှိသည်ဟုလည်း ပညာရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုလျက် ရှိသည်။

ထိုကဲ့သို့ စစ်ကောင်စီကို သစ္စာမခံသော ရာထူးမှ ယာယီရပ်ဆိုင်းခံရသည့် တက္ကသိုလ် ဆရာ၊ ဆရာမများ အပါအဝင် ဆရာ ဝန်များ၊ အင်ဂျင်နီယာများ၊ ဌာနအသီးသီးရှိ ဝန်ထမ်းများသည် ပြည်သူကို သစ္စာခံသည့် ပြည်သူ့ဝန်ထမ်းများဖြစ်ရာ ၎င်းတို့ အား အသိအမှတ်ပြု ဂုဏ်ပြုပေးပြီး ပြည်သူ့ဝန်ထမ်းများအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ခန့်အပ်ကြောင်း တရားဝင် ကြေညာချက် အမြန်ဆုံးထုတ်ပေးရန်လည်း တက္ကသိုလ်ဆရာသမဂ္ဂများကိုယ်စားပြုကော်မတီက တောင်းဆိုထား သည်။

418  Views
Previous: တက္ကသိုလ် ၁၅ ခုမှ ဝန်ထမ်း ၁၆၀၀ ကျော်ကို တာဝန်မှ ရပ်ဆိုင်းကြောင်း စစ်ကောင်စီကြေညာ
Next: စစ်တွေမြို့မှာ ကိုဗစ်ပိုးတွေ့လူနာ လေးဦး စတင်တွေ့ရှိ