တက္ကသိုလ် ၁၅ ခုမှ ဝန်ထမ်း ၁၆၀၀ ကျော်ကို တာဝန်မှ ရပ်ဆိုင်းကြောင်း စစ်ကောင်စီကြေညာ

စစ်ကောင်စီက တက္ကသိုလ် ၁၅ ခုမှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခများ အပါအဝင် နည်းပြဆရာ/ဆရာမများ၊ စီမံဝန်ထမ်း ၁၆၈၃ ဦးကို တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

၎င်းတို့အား ခွင့်စည်းကမ်းကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊ လုံလောက်သော အကြောင်းပြချက်မရှိဘဲ တာဝန်ချိန် ပျက်ကွက်နေခြင်းကြောင့် ဆိုကာ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း မေ ၆ ရက်နေ့ ရက်စွဲဖြင့် သက်ဆိုင်ရာ ပါမော က္ခချုပ်၊ ဒု-ပါမောက္ခချုပ်များက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ၁၆၈၃ ဦးဆိုသည်မှာ ဧရာဝတီက လက်ရှိအချိန်ထိ အတည်ပြုရရှိထားသော စာရင်းမျှသာဖြစ်ပြီး တနိုင်ငံလုံး အတိုင်း အတာအနေဖြင့် တာဝန်မှရပ်ဆိုင်းခံရသည့် ပညာရေးဝန်ထမ်း အရေအတွက်မှာ သည့်ထက် ပိုမိုများပြားနိုင်ပါသည်။

ဧရာဝတီမှ ရရှိ စာရင်းများအရ ရန်ကုန်တက္ကသိုလ်မှ ၃၃၉ ဦး၊ မန္တလေးတက္ကသိုလ်မှ ၃၉၂ ဦး၊ မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်မှ ၁၄၉ ဦး၊ မြစ်ကြီးနား နည်းပညာတက္ကသိုလ်မှ ၆၀ ဦး၊ နည်းပညာတက္ကသိုလ်တောင်ငူမှ ၇၂ ဦး၊ ရန်ကုန်ပညာရေးတက္ကသိုလ်မှ ၁၃၇ ဦး၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ ၄၅ ဦးတို့ ဖြစ်သည်။

ထို့ပြင် ကွန်ပျူတာတက္ကသိုလ်မှ (တောင်ငူ) ၃၀ ဦး၊ နည်းပညာတက္ကသိုလ်တောင်ကြီးမှ ၉၁ ဦး၊ စစ်တွေတက္ကသိုလ်မှ ၃၅ ဦး၊ မအူပင် တက္ကသိုလ်မှ ၁၃၇ ဦး၊ ဘားအံနည်းပညာတက္ကသိုလ်မှ ၅၁ ဦး၊ ပုသိမ်ကွန်ပျူတာတက္ကသိုလ်မှ ၁၆ ဦး၊ နည်း ပညာတက္ကသိုလ် ပခုက္ကူမှ ၉၃ ဦး၊ ကျိုင်းတုံနည်းပညာတက္ကသိုလ်မှ ၃၆ ဦးတို့လည်း ပါဝင်သည်။

အာဏာသိမ်းစစ်ကောင်စီက မေ ၅ ရက်တွင် တက္ကသိုလ်ကျောင်းများ စတင်ဖွင့်လှစ်နိုင်ရေး သင်ကြားရေး ဆရာ/ဆရာမ များနှင့် စီမံဝန်ထမ်းများအားလုံး လုပ်ငန်းခွင်သို့ မေ ၃ ရက်တွင် နောက်ဆုံးထား၍ မပျက်မကွက် ဝင်ရောက်ရန်၊ ပျက်ကွက် သူ အမည်စာရင်းကို တင်ပြရန် သတိပေးစာ ထုတ်ပြန်ခဲ့ပြီးနောက် ယခုလို တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန် လာခြင်း ဖြစ်သည်။

တာဝန်မှ ရပ်နားခံရသည့် ပညာရေးဝန်ထမ်းများသည် စစ်အာဏာသိမ်းမှုကို လက်မခံသော အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်နေကြသူများ ဖြစ်သည်။

CDM ပြုလုပ်မှုကြောင့် ၅၀၅-က ပုဒ်မတပ်ပြီး ဝရမ်းထုတ်ခံထားရသည့် ရန်ကုန်တက္ကသိုလ်မှ လက်ထောက်ကထိက ဆရာ တဦးက “ဘယ်လို အကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ် ကျနော်တို့ကတော့ အဆုံးထိ CDM ပဲ။ အခက်အခဲတွေ ကြားထဲကပဲ စ နစ်တခုကို တွန်းလှန်ရတဲ့ အခြေအနေ။ မတွန်းလှန်လို့လည်း မရဘူး။ ဒီစနစ်က ကျနော်တို့ ၈၈ နောက်ပိုင်းဖြတ်ခဲ့တဲ့ အခြေ အနေထက် ပိုဆိုးသွားနိုင်ခြေရှိတယ်။ ကိုယ့်သားသမီး၊ ကိုယ့်မျိုးဆက် ပြန်ကြည့်လိုက်ရင် ဘယ်လိုမှဒီအောက်မှာ ထားခဲ့လို့ မရတဲ့ အခြေအနေ ဖြစ်တဲ့အတွက်ကြောင့် ဒီဟာကို တွန်းလှန်နေတာ” ဟု ပြောသည်။

ထိုသို့ တာဝန်မှရပ်နားခံရသည့် စာရင်းတွင်ပါဝင်သည့် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအပေါ် ပြည်သူများက ဂုဏ်ယူကြ သလို ၎င်းတို့ကိုယ်တိုင်ကလည်း ဝမ်းပန်းတသာ ကြိုဆိုကြောင်း၊ ကျန်ရှိသူများကလည်း ၎င်းတို့၏ အမည် မပါလာမည်ကို စိုးရိမ်နေသော ဆရာ၊ ဆရာမများလည်း ရှိကြောင်း ၎င်းက ဆိုသည်။

မေ ၅ ရက်တွင် တက္ကသိုလ်များ ဖွင့်လှစ်ရန် ကြိုးပမ်းခဲ့သည့် စစ်ကောင်စီသည် CDM ပညာရေးဝန်ထမ်းများကြောင့် အခက်တွေ့နေသလို စစ်အာဏာရှင်လက်အောက် ကျောင်းမတက်ရေး သပိတ်မှောက်မှုများကလည်း အာဏာသိမ်းမှု မအောင်မြင်ကြောင်းကို မီးမောင်းထိုးပြနေသည်ဟု ပညာရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုလျက် ရှိသည်။

CDM တက္ကသိုလ်ဆရာတဦးက “ဆက်ပြီးတော့ တိုက်ကြပါလို့ပဲ ပြောချင်ပါတယ်။ သူ့ဘာသာ ဘာကြီးပဲဖြစ်လာဖြစ်လာ စစ်ကောင်စီ အစိုးရရဲ့ ယန္တရားတွေ ပြန်မလည်ပတ်ဖို့က အဓိကပဲ။ ကိုယ်တွေခဏတာလောက် အပင်ပန်းခံလိုက်ရင်ပဲ နိုင် သွားရင် ဒါတွေအကုန်လုံးက ပြန်ရလာမှာပဲ” ဟု ပြောဆိုသည်။

အာဏာသိမ်း စစ်ကောင်စီအနေဖြင့် လက်ရှိတွင် ပညာရေးဝန်ထမ်း မလုံလောက်သည့် ပြဿနာကို ကြုံတွေ့နေရပြီး နည်း ပြဆရာအသစ် ခေါ်ယူခြင်းများ၊ CDM ပြုလုပ်နေသည့် ပါမောက္ခချုပ်နှင့် ဒု-ပါမောက္ခချုပ်များ၏ နေရာတွင် အစားထိုးရန် လက်ရှိ ကျောင်းတက်နေသည့် ပါမောက္ခများအား ရာထူးတိုးပေးရေး လူတွေ့စစ်ဆေးခြင်းများ ပြုလုပ်နေသည်ဟုလည်း ၎င်းက ပြောသည်။

CDM လှုပ်ရှားမှုသည် အာဏာသိမ်းစစ်ကောင်စီ၏ အစိုးရယန္တရား မလည်ပတ်နိုင်ရန် ရည်ရွယ်သည့် လှုပ်ရှားမှုတခုဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းပေါင်း ၂ သိန်းကျော်က ယင်းလှုပ်ရှားမှုတွင် ပါဝင်နေသည်။

အဆိုပါ ဝန်ထမ်းများကို စစ်ကောင်စီက ယခုကဲ့သို့ တာဝန်မှ ရပ်နားခြင်းအပြင် လုပ်ငန်းခွင် ပြန်ဝင်ရန် ဖိအားပေးခြင်း၊ ၅၀၅-က ပုဒ်မတပ်ကာ ဝရမ်းထုတ်ခြင်း၊ ဖမ်းဆီးရမိခြင်း မရှိသေးသည့် ဝန်ထမ်းတချို့၏ မိသားစုဝင်များကို ဖမ်းဆီးခြင်း များလည်း ပြုလုပ်လျက် ရှိသည်။

431  Views
Previous: ဗဟိုဘဏ်က ငွေလွှဲကောင်တာများမှတဆင့် ဒေါ်လာ ထုတ်ရောင်းမည်
Next: CDM ဆရာ၊ ဆရာမများနေရာတွင် အစားထိုးခန့်ရန် စစ်ကောင်စီ ကြိုးပမ်း