ကယားပြည်နယ်ထဲ လူအစုလိုက် အသတ်ခံရမှုကို စုံစမ်းစစ်ဆေးဖို့ ကုလတောင်းဆို

ကယားပြည်နယ်ထဲမှာ လူ ၃၅ ဦးကို အစုလိုက်အပြုံလိုက် မီးရှို့အသတ်ခံရတဲ့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Martin Griffiths က ဒီဇင်ဘာ ၂၆ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၄ ရက်က ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာအနီးမှာ ကလေးငယ်တစ်ဦး အပါအဝင် လူ ၃၅ ယောက် အသတ်ခံရတဲ့ သတင်းကြောင့် ထိတ်လန့်တုန်လှုပ်မိပြီး အဲဒီအဖြစ်အပျက်မှာ Save the Children ရဲ့ ဝန်ထမ်းနှစ်ဦးလည်း ပျောက်ဆုံးနေသလို အဲဒီဝန်ထမ်းတွေရဲ့ ကားလည်း မီးရှို့ခံထားရတယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအရ နိုင်ငံတဝှမ်းက အရပ်သားတွေ တိုက်ခိုက်ခံရတာ တွေကို ရှုတ်ချသလို ကျူးလွန်သူတွေကိုလည်း အမြန်ဆုံးတရားစီရင်နိုင်ဖို့ အာဏာပိုင်တွေကို တောင်းဆို တယ်လို့လည်း Martin Griffiths ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကလည်း အရပ်သားတွေ ထိခိုက်မှုကနေ ကာကွယ်ပေးကြဖို့ သူက တိုက်တွန်းထားပါတယ်။

သန်းနဲ့ချီတဲ့ မြန်မာလူထုဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့တွေ လိုအပ်နေပြီး ကုလသမဂ္ဂ နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေက အကူအညီပေးဖို့ ကတိပြုထားတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

380  Views
Previous: ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အင်္ဂလီကန်ခရစ်ယာန်သာသနာပိုင် ဂိုဏ်းချုပ်ဆရာတော်ကြီး ဒက်စ်မွန်တူးတူး ကွယ်လွန်
Next: မြန်မာ့တပ်မတော်အနေဖြင့် အပြစ်မဲ့ပြည်သူများရှိရာသို့ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ် ခတ်ခြင်း၊ နေအိမ်များ၊ ဘုရားကျောင်းများ၊ ဆေးခန်းများအား ဖျက်ဆီးခြင်းတို့ကို ရပ်တန့်ပေးပါကြဖို့ ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ပန်ကြား