ဖမ်းထားတဲ့ ဂျပန်သတင်းထောက်ကို စစ်ကောင်စီ ပြန်လွှတ်ပေးမည်

စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြတဲ့ သတင်းတင်ပြမှုနဲ့ DVB သတင်းထောက်ကို ထောင် ၃ နှစ် ချလိုက်ချိန်မှာပဲ မြန်မာနိုင်ငံမှာ အဖမ်းခံနေရတဲ့ ဂျပန်သတင်းထောက် Yuki Kitazumi ကိုတော့ ပြန်လွှတ်ပေးမှာ ဖြစ်ကြောင်း စစ်အုပ်ချုပ်ရေးကောင်စီက ကြာသပတေးနေ့မှာ ကြေညာပါတယ်။

DVB သတင်းဌာနရဲ့ ပဲခူးတိုင်း ပြည်မြို့အခြေစိုက် သတင်းထောက် ကိုမင်းညိုဟာ မတ်လ ၃ ရက်နေ့က အဖမ်းခံခဲ့ရတာ ဖြစ်ပြီး မေလ ၁၂ ရက်နေ့မှာတော့ စစ်ခုံရုံးကနေ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တာပါ။ ဒါဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကနေဆိုရင် ပထမဆုံး ထောင်ဒဏ် အပြစ်ပေးခံရတဲ့ သတင်းထောက် ဖြစ်ပါတယ်။ ကိုမင်းညိုဟာ ရဲတွေရဲ့ ရိုက်နှက်ညှင်းပမ်းမှုကို ခံရတဲ့အပြင် သူ့မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မရကြောင်းနဲ့ သူ့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ DVB က တောင်းဆို ထားပါတယ်။

ကိုမင်းညိုလိုပဲ ဖမ်းဆီး တရားစွဲတာခံနေရတဲ့ ဂျပန်သတင်းထောက် Yuki Kitazumi ကိုတော့ မြန်မာ ဂျပန် ၂ နိုင်ငံ ဆက်ဆံရေးကို ရှေ့ရှုပြီး ပြန်လွှတ်ပေးမှာ ဖြစ်ကြောင်း စစ်တပ်သတင်းဌာန မြဝတီက ကြေညာခဲ့ပါတယ်။

မစ္စတာ Kitazumi ဟာ CDM လှုပ်ရှားမှုနဲ့ ဆူပူမှုတွေ ဆက်လုပ်နိုင်ဖို့ ထောက်ပံ့ပေးခဲ့တဲ့ အတွက် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အပြင် နေထိုင်ခွင့်ဗီဇာ စည်းကမ်း မလိုက်နာမှုတွေနဲ့ ဧပြီလ ၁၈ ရက်နေ့က တရားစွဲဆို ခံနေရတာ ဖြစ်ပါတယ်။ သူဟာလည်း စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ပထမဆုံး တရားစွဲဆိုခံရတဲ့ နိုင်ငံခြားသတင်းထောက် ဖြစ်ပါတယ်။

မစ္စတာ Kitazumi ဟာ ဖေဖေါ်ဝါရီလတုန်းက တကြိမ် အဖမ်းခံခဲ့ရတာဖြစ်ပြီး အခု ဒုတိယအကြိမ် အဖမ်းမခံရခင် နာရီပိုင်းမှာ မြန်မာစစ်တပ်နဲ့ရဲတွေရဲ့ အကြမ်းဖက်ဖြိုခွဲမှုကြောင့် သေဆုံးခဲ့ရသူတွေအတွက် ဂျပန်ရောက် မြန်မာတွေ တိုကျိုက ဘုရားကျောင်းမှာ ဆုတောင်းပွဲ ကျင်းပတဲ့ ဗီဒီယိုဖိုင်ကို သူ့ဖေစ်ဘုတ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကစပြီး အဖမ်းခံရတဲ့ သတင်းထောက် အယောက် ၈၀ လောက်ရှိပြီး တဝက်လောက်ဟာ အခုထိ ပြန်မလွတ် သေးပါဘူး။

412  Views
Previous: ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ မင်းတပ်မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာ
Next: အမေရိကန်တွင် ကာကွယ်ဆေးထိုးပြီးသူများ နှာခေါင်းစည်း ဖြုတ်နိုင်ပြီ