မြန်မာနိုင်ငံမှာပုဂ္ဂလိက ဘဏ်တွေ ဆက်ပြီး ရပ်တည်နိုင်ပါ့ဦးမလား


စည်သူအောင်မြင့်

၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဘိုး အလျင်အမြန် ကျဆင်းနေပြီး ကုန်ဈေးနှုန်းတွေလည်း တက်လာနေပါတယ်။ အဲလို အခြေအနေမျိုးမှာ ထူးဆန်းနေတာ တစ်ခုက တန်ဘိုးကြီး ကုန်ပစ္စည်းတစ်မျိုး ထူးထူးခြားခြား အရောင်းသွက်နေတာ တွေ့မြင်ကြရပါတယ်။ အဲဒါကတော့ မီးခံသေတ္တာပါ။ ပြည်သူတွေဟာ သူတို့ပိုင်ငွေတွေကို နေအိမ်မှာပဲ သိမ်းထားဖို့ မီးခံသေတ္တာတွေ ဝယ်ယူလာကြလို့ ဖြစ်ပါတယ်။ အရင်တုန်းကတော့ လခစား အစ၊ ကုန်သည်တွေ အလည်၊ သူဌေးကြီးတွေအဆုံး သူတို့ပိုင်ငွေတွေကို ဘဏ်တွေမှာ အပ်နှံပြီး ငွေနည်းနည်း လိုတဲ့အခါ ATM စက်တွေမှာထုတ်၊ ငွေများများလိုတဲ့အခါ ဘဏ်တွေမှာ သွားထုတ်၊ ဈေးဝယ်နဲ့ ငွေကြေး လွဲှပြောင်းလိုတဲ့အခါ Mobile Banking တွေ အသုံးပြုပြီး အဆင်ပြေနေခဲ့ကြတာပါ။ အခုနောက်ပိုင်း အဲဒါတွေ ပြောင်းလဲသွားခဲ့ပါပြီ။ ရန်ကုန် အပါအဝင် မြန်မာနိုင်ငံ တဝှမ်း ဘဏ်မှာ ငွေအပ်ထားသူတွေရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေထဲမှာ ATM စက်ထဲက ငွေထုတ်ဖို့ တန်းစီတာနဲ့ ဘဏ်စာအုပ်နဲ့ ငွေထုတ်ခွင့်ရဖို့ ဘဏ်ထဲဝင်ခွင့်ရမယ့် တိုကင် တန်းစီရတဲ့ အလုပ်တွေ ပါဝင်လာပါတယ်။ ဘဏ်တွေအပေါ် ပြည်သူတွေ ဘာကြောင့် ဒီလောက် ယုံကြည်မှု ကျဆင်းသွားရတာလဲ ဆိုတဲ့ ကိစ္စ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီ တာဝန်ယူပြီးနောက်ပိုင်း အစိုးရဝန်ထမ်းတွေ CDM လုပ်ကြတဲ့နည်းတူ အစိုးရဘဏ်က ဝန်ထမ်းတစ်ချို့ရော၊ ပုဂ္ဂလိကဘဏ်က ဝန်ထမ်းတွေကပါ CDM လုပ်ကြပါတယ်။ CDM လုပ်တဲ့အတွက် ပုဂ္ဂလိကဘဏ်တွေ ပိတ်ထားရပေမယ့် အဲဒီအချိန်က ငွေရေးကြေးရေး ဆိုင်ရာ ပြသနာ သိပ်မတက်ခဲ့ပါဘူး။ ပြည်သူတွေဟာ ငွေပေးချေမှု လုပ်ငန်းတွေ၊ အရောင်းအဝယ် ကိစ္စအတွက် ငွေအလွဲှအပြောင်း လုပ်ငန်းတွေကို Mobile Banking အသုံးပြုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ကြပါတယ်။ ငွေသားစက္ကူ လိုအပ်ရင်လည်း နီးစပ်ရာ ATM စက်တွေမှာ လွယ်လွယ်ကူကူ ထုတ်ယူလို့ ရခဲ့ကြတာပါ။ နဂို ဗဟိုဘဏ်သတ်မှတ်ချက်အရ ဘဏ်ကဒ်တစ်ခုကို တစ်နေ့ ကျပ် ၁၀ သိန်း ထုတ်ယူနိုင်သလို၊ ဘဏ်ချင်းမတူပေမယ့် Myanmar Payment Union (MPU) အဖွဲ့ဝင် မည်သည့် ဘဏ်တွေရဲ့ ATM စက်တွေမှာမဆို ဝန်ဆောင်ခ ပေးပြီး လွယ်လွယ်ကူကူ ထုတ်ယူနိုင်ခဲ့ကြပါတယ်။ ဒါဟာ ဘဏ်ကဒ် တစ်ကဒ် တစ်ပတ် ကျပ် သိန်း ၇၀ ထုတ်ယူနိုင်တဲ့ သဘောဖြစ်ပြီး ဘဏ်တွေကလည်း ATM စက်တွေမှာ ပုံမှန် ငွေဖြည့်တင်းမှုတွေ လုပ်ပေးခဲ့တာကြောင့် ငွေထုတ်ချင်သူတွေ တန်းစီရတဲ့ အခြေအနေမျိုး မတွေ့မမြင်ခဲ့ရပါဘူး။ ဒါကြောင့် ပြည်သူတွေဟာ ဗဟိုဘဏ်ရဲ့ ပိုပြီးတင်းကြပ်တဲ့ စည်းကမ်းတွေ တစ်ခုပြီး တစ်ခု ထုတ်ပြန်မှု မလုပ်သေးချိန်အထိ ဘဏ်နဲ့ ငွေရေးကြေးရေး ဆိုင်ရာ ကိစ္စ အဆင်ပြေနေခဲ့ကြတာပါ။

ပြသနာက စစ်ကောင်စီကနေ မိုဘိုင်းဒေတာ စနစ်၊ ဝိုင်ဖိုင် စနစ်၊ ဘရော့ဘင်း စနစ် စတဲ့ အင်တာနက် ဝန်ဆောင်မှု ၃ မျိုး ဖြတ်တောက်ချိန်ကနေ စပါတယ်။ သန်း ဆယ်နဲ့ချီတဲ့ ပြည်သူတွေဟာ အင်တာနက် ဝန်ဆောင်မှု မရတော့တဲ့အတွက် Mobile Banking တွေ အသုံးပြုလို့ မရတော့ပါဘူး။ ဒါကြောင့် တစ်နေ့ တစ်နေ့ ကျပ်ဘီလျံပေါင်း များစွာ တန်ဘိုးရှိမယ့် ငွေကြေး လွဲှပြောင်းမှုတွေကို ကျပ်ငွေ စက္ကူ အသုံးပြုပြီး ပေးချေရတော့မယ့် အနေအထား ရောက်လာစေပါတယ်။ အဲဒီအချိန်ကစ ATM စက်တွေမှာ ငွေထုတ်ယူဖို့ စ ကြိုးစားတော့တာပါပဲ။ ဒါပေမယ့် အခြားတစ်ဖက်မှာတော့ စစ်တပ်ပိုင် မြဝတီဘဏ်မှာ ပြည်သူအများစု သူတို့ အပ်ငွေတွေ ထုတ်ယူဖို့ ကြိုးစားမှုတွေ ရှိခဲ့တာကြောင့် အဲဒါကို ထိမ်းချုပ်ဖို့ ဗဟိုဘဏ်ကနေ ငွေကြေး ထုတ်ယူနိုင်မယ့် စည်းကမ်းသစ် ချမှတ်ပြီး တင်းကြပ်လိုက်တာနဲ့ ကြုံကြရပါတော့တယ်။

မတ်လ ၁ ရက် နေ့စွဲနဲ့ ထုတ်တဲ့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ATM စက်တွေကနေ ငွေသား ထုတ်ယူမှုကို တစ်ရက် ကျပ် ၅ သိန်း၊ ဘဏ်စာအုပ်နဲ့ ဘဏ်တွေမှာ ထုတ်ယူခွင့်ကို တစ်ပတ်စာ အတွက် လူပုဂ္ဂိုလ် ကျပ် သိန်း ၂၀၊ ကုမ္ပဏီ ကျပ် သိန်း ၂၀၀ ဆိုပြီး လျော့ချ သတ်မှတ်ခဲ့တဲ့အပြင် ဘဏ်ကဒ်တွေကိုလည်း မတူတဲ့ ဘဏ်တွေရဲ့ ATM စက်တွေကနေ ထုတ်ယူခွင့်ကိုပါ ကန့်သတ်လိုက်ပါတယ်။

တကယ့်တကယ် လက်တွေ့မှာတော့ ဘဏ်အတော်များများဟာ ဗဟိုဘဏ် သတ်မှတ်ချက်ထက် လျော့နည်း ထုတ်ပေးတာမျိုး လုပ်ကြပါတယ်။ ဥပမာအားဖြင့် ကမ္ဘောဇဘဏ်ဟာ ATM ကနေ ထုတ်ခွင့် တစ်ရက် ကျပ် ၂ သိန်း၊ ဘဏ်စာအုပ် တစ်ပတ်စာ ကျပ် ၁၀ သိန်းပဲ ထုတ်ပေးသလို၊ AYA ဘဏ် AGD ဘဏ်တွေ ဆိုရင် ATM စက်တွေကနေ တစ်ရက် ကျပ် တစ်သိန်းခွဲပဲ ထုတ်ပေးတော့တာ တွေ့ရပါတယ်။ ဒါ့အပြင် ဘဏ်တွေကနေ ATM စက်ထဲမှာ ငွေသားဖြည့်တင်းတာကို အကန့်အသတ် လုပ်လိုက်တာ၊ ဘဏ်မှာ ငွေလာထုတ်မယ့် လူတွေကို တစ်နေ့ ဘယ်နှစ်ယောက်ပဲ ဆိုပြီး ကန့်သတ်လိုက်တဲ့အတွက် လူအများစုကြီးဟာ ကိုယ့်ငွေကိုယ် လွယ်လွယ်ကူကူ ပြန်ထုတ်ယူလို့ မရဆိုတဲ့ အခြေအနေ ဆိုက်သွားစေခဲ့ပါတယ်။

ဗဟိုဘဏ်ရဲ့ ကန့်သတ်ချက်တွေထဲမှာ နိုင်ငံခြား ဝင်ငွေရှိပြီး နိုင်ငံခြားငွေ အကောင့်န့် ရှိသူတွေလည်း ပါဝင်ပါတယ်။ အဲဒီလူတွေ အနေနဲ့ သူတို့ စာရင်းထဲက နိုင်ငံခြားငွေတွေကို နိုင်ငံခြားငွေအတိုင်း လွဲှပြောင်းခွင့် မရှိတော့သလို၊ ထုတ်ယူခွင့်ကိုလည်း လုံး၀ ပိတ်ပင်လိုက်ပါတယ်။ ငွေထုတ်ယူချင်တယ် ဆိုရင် မြန်မာကျပ်ငွေနဲ့ တန်ဘိုးသင့်ပြီး ဗဟိုဘဏ် သတ်မှတ်ချက် ပမာဏအတိုင်း အခြား ဘဏ်အကောင့်န် ပိုင်ရှင်များနည်းတူပဲ ATM နဲ့ ဘဏ်တွေမှာ ထုတ်ယူရပါတော့တယ်။ ဒါတင်မက ဗဟိုဘဏ်ဟာ INGO တွေနဲ့ NGO တွေဆီ နိုင်ငံခြားကနေ လွဲှပြောင်းပေးပို့လာတဲ့ ၅ နှစ်စာ ငွေစာရင်း အသေးစိတ် ပြုစု ပေးပို့ဖို့ တောင်းခံခဲ့တာ၊ နိုင်ငံခြားကနေ ပေးပို့လာတဲ့ ပြည်တွင်း လစာငွေနဲ့ အသုံးစားရိတ် ငွေစာရင်းမှန်သမျှကို withhold လုပ် ခေတ္တ ရပ်ဆိုင်းထားစေတာ၊ ဘဏ်အသီးသီးမှာ သော့ပိတ်သေတ္တာ (safe box) ထားရှိသူတွေရဲ့ နာမည်စာရင်းတွေ ပေးပို့ဖို့ တောင်းခံတာ စတာတွေ ဆက်တိုက် လုပ်ခဲ့ပါတယ်။ အဲလို အခြေအနေ အကြောင်းကြောင်း တွေကြောင့် ဘဏ်တွေအပေါ် ပြည်သူတွေ ယုံကြည်မှု ကျဆင်းပြီး ငွေကြေးထုတ်ယူမှုတွေ နိုင်ငံ တနံတလျား ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဒါကို ဖြေလျော့ဖို့ စစ်ကောင်စီဘက်က ကြိုးစားပါသေးတယ်။ အဲဒါကတော့ Mobile Banking လုပ်နိုင်အောင် မိုဘိုင်းဒေတာ ဝန်ဆောင်မှုကို အကန့်အသတ်နဲ့ ပြန်ဖွင့်ပေးလိုက်တာပါ။ ဒါပေမယ့် အဲဒါဟာ နောက်ကျသွားခဲ့ပါပြီ။ တကယ့်ဈေးကွက်ထဲမှာ ဘဏ်ထဲမှာ ပိတ်မိနေတဲ့ ငွေစာရင်းတွေကို ပြည်သူတွေက အယုံအကြည် မရှိတော့ပဲ ငွေသားစက္ကူနဲ့သာ အရောင်းအဝယ် အပေးအယူ လုပ်နေကြပြီ ဖြစ်တာကြောင့် ငွေထုတ်ယူလိုသူ အရေအတွက် လျော့ကျမသွားပဲ ATM စက်တွေနဲ့ ဘဏ်တွေမှာ တန်းစီသူတွေကို နေ့စဉ် ဆက်ပြီး မြင်တွေ့နေရတာ ဖြစ်ပါတယ်။ ခုဆိုရင် ဗဟိုဘဏ်ဟာ နောက်ထပ် ကုစားမှုအဖြစ် ၂၀၂၁ မေလ ၄ ရက်နေ့ကစ ဘဏ်တွေမှာ ငွေလာအပ်သူတွေကို အထူးငွေစာရင်း ဖွင့်ပေးမယ်၊ အဲဒီ ငွေစာရင်းပိုင်ရှင်တွေ အနေနဲ့ ငွေပြန်ထုတ်ယူလိုရင် အပ်ငွေ ပမာဏအတိုင်း အကန့်အသတ်မရှိ ပြန် ထုတ်ပေးမယ်လို့ ကြေညာလာတာပါ။ တကယ်လက်တွေ့ အဲဒီမက်လုံးဟာ အရင် ဘဏ်အပ်ငွေတုန်းက ရခဲ့တဲ့ ဝန်ဆောင်မှုမျိုးလောက်ကိုတောင် ပြန်ရမှာ မဟုတ်တဲ့အတွက် သွားအပ်သူ မရှိသလောက် ဖြစ်ပြီး ငွေအပ်ကောင်တာတွေမှာ လူတွေ ရှင်းနေတာကိုပဲ မြင်တွေ့ကြရပါတော့တယ်။

ဒီအခြေအနေတွေဟာ ၂၀၀၀ ခုနှစ် ဝန်းကျင် အဲဒီအချိန်က ထိပ်တန်းဘဏ်ကြီး ၃ ဘဏ်ဖြစ်တဲ့ အာရှဓနဘဏ်၊ မေဖလားဝါးဘဏ်၊ မြန်မာ အရှေ့တိုင်းဘဏ်တွေကို ငွေကြေးခဝါချမှုနဲ့ အရေးယူ ဖျက်သိမ်းလိုက်ပြီးနောက် ဘဏ်ထဲ ငွေအပ်ထားသူတွေကို တစ်နေ့ လူဘယ်နှစ်ယောက်၊ တစ်ယောက် ငွေပမာဏ ဘယ်လောက်နှုန်း ကန့်သတ်ပြီး ပြန်ထုတ်ပေးခဲ့တာမျိုးနဲ့ ဆင်တူနေပါတယ်။ ဒါတွေဟာ စစ်ကောင်စီရဲ့ အာဏာတည်မြဲရေး ဦးစားပေးတဲ့ ညန်ကြားချက်တွေ၊ ဗဟိုဘဏ်ရဲ့ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေကြောင့် ပေါ်ပေါက်လာရတာ ဖြစ်ပြီး ပုဂ္ဂလိကဘဏ်တွေ ပြည်သူတွေရဲ့ ယုံကြည်မှု ပြန်ရနိုင်ပါဦးမလား၊ ဆက်ပြီးတော့လည်း ရပ်တည်နိုင်ပါ့ဦးမလား ဆိုတာကိုတော့ သံသယ နဲ့ စောင့်ကြည့်နေကြရမယ့် အခြေအနေ ဆိုက်ရောက်နေကြောင်းပါ။

Source: VOA Burmese

642  Views
Previous: အိန္ဒိယနိုင်ငံ ၂၄ နာရီအတွင်း လူ ၄ သိန်းကျော် ကိုဗစ်ပိုးကူးစက်
Next: Pope Francis officially creates Catholic ministry of catechist, open to men and women