မျိူးစောင့်ဥပဒေကို သေချာစဉ်းစားပြီးမှ လုပ်သင့်ကြောင်း ကက်သလစ်ဆရာတော်ကြီး ပေါလ်ဇိန်ထုန်းဂရောင် မိန့်ကြားတော်မူ

ယခုတင်ဆက်ပေးလိုက်သော တွေ့ဆုံမေးမြန်းခန်းသည် ၂၀၁၃ ခုနှစ်သြဂုတ်လက ပြုလုပ်ခဲ့သော တွေ့ ဆုံမေးမြန်းမှု ဖြစ်ပါသည်။

ကချင်လူမျိုးထဲက ပထမဆုံးသော ကက်သလစ်ရဟန်းလည်းဖြစ်၊ ဆရာတော်ကြီးလည်း ဖြစ်လာတော် မူသော ဆရာတော်ကြီး ပေါလ်ဇိန်ထုံးဂရောင် အရှင်မြတ်သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားကက်သလစ် သာသနာတော်တွင် သာသနာပိုင်ဆရာတော်ကြီးအဖြစ် နှစ်ပေါင်း ၂၅ ကျော် တာဝန်ထမ်းဆောင် ပြီး နောက် ၂၀၀၃ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင်မူ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် (၂) အရှင်သူမြတ်က ဆရာတော် နေရာလစ်လပ်နေသော မြန်မာနိုင်ငံအလယ်ပိုင်း မြို့တော်တစ်ခုဖြစ်သည့် မန္တလေးသို့ မန္တလေးကက်သလစ်သာသနာ၏ သာသနာပိုင်ချုပ်ဆရာတော်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခြင်း ခံရပါ တယ်။ ကျွန်တော်တို့ရဲ့စာဖတ် ပရိသတ်များအတွက် ဂလိုရီယားသတင်း ဂျာနယ်ကနေ ဆရာတော်ဘုရား အား တွေ့ဆုံမေးမြန်းထားချက်ကို ပြန်လည်တင်ပြပေးလိုက်ပါတယ်ခင်ဗျား။

အယ်ဒီတာချုပ်။ ။ အခုလို အင်တာဗျူး လုပ်ခွင့်ပေးသနားတော်မူတဲ့အတွက် ဆရာတော်ဘုရားကို တပည့်တော် အထူးကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီး ပြင်ဆင်လာတဲ့မေးခွန်းတွေကို မေးခွန်းပြုပေးပါ၊ ကိုယ်တော်။
ဆရာတော်။ ။ ဟုတ်ကဲ့ပါ။ ပြုပါတယ်။
မေး ။    ။ ပထမဆုံးအနေနဲ့ ကိုယ်တော်ရဲ့ မိသားစုအကြောင်းလေး ပြောပြပေးပါခင်ဗျာ။
ဖြေ။ အဖေက ဓမ္မဆရာတစ်ယောက်ပါ။ ဓမ္ဓဆရာဆိုပေမယ့် အဲဒီတုန်းက ကျမ်းစာသင်ကျောင်းတွေ မရှိသေးဘူးဆိုတော့ ဘုန်းကြီးတွေနဲ့ အတူနေခဲ့ရတယ်။ ဘုန်းကြီးတွေ ခရီးသွားတဲ့အခါမှာ ဝေယျာ ဝစ္စတွေ လုပ်ပေးရင်းနဲ့ ဘုန်းကြီးတွေရဲ့ တရားတွေကို နားထောင်ရင်းနဲ့ ဘာသာ တရားအကြောင်းတွေကို သူက သိလာတာ။ ဘုန်းကြီးတွေကတော့ အိုင်လန်နိုင်ငံကနေ သာသနာပြုရောက်လာကြတဲ့ ကိုလန်ဘန် အသင်းဂိုဏ်းကဘုန်းကြီးတွေပေါ့။ ခမည်းတော်ရဲ့နာမည်ကတော့ ဦးဇိန်ထွန်းကမ်၊ မယ်တော်ရဲ့နာမည် ကတော့ ဒေါ်လဇွမ်ထု ဖြစ်ပါတယ်။
မေး ။    ။ ကိုယ်တော်ရဲ့ မွေးချင်းမောင်နှမ ဘယ်နှစ်ယောက်ရှိပါသလဲ။
ဖြေ ။    ။ မွေးချင်းမောင်နှမ ရှစ်ယောက်ရှိပါတယ်။ ကျွန်တော်ကတော့ မွေးချင်း တတိယမြောက်ပေါ့။
မေး။ ကိုလန်ဘန်ဘုန်းတော်ကြီးတွေ ရောက်မှ ကချင်ပြည်နယ်မှာ ကက်သလစ်အသင်းတော်ရှိလာတယ် လို့ ပြောလို့ရမလား။
ဖြေ။ မရဘူး။ ကိုလန်ဘန်ဘုန်းတော်ကြီးတွေ မရောက်ခင်ကတည်းက ကချင်ပြည်နယ်မှာ ကက်သလစ် အသင်းတော်ဆိုတာ ရှိပါတယ်။ ၁၈၇၂ ခုနှစ် ဝန်းကျင်ကတည်းက မန္တလေးသာသနာ က ပြင်သစ် ဘုန်းတော်ကြီးဖြစ်တဲ့ ဖာသာရ် Piet ပီးအတ်နဲ့အခြားဘုန်းတော်ကြီးများက ဗန်းမော်ဘက်မှာ အခြေချပြီး သာသနာပြုခဲ့တာပေါ့။
မေး ။    ။ ကိုယ်တော် တက်ရောက်ခဲ့တဲ့ ရဟန်းဖြစ်သင်ကျောင်းနဲ့ အဲဒီရဟန်းဖြစ်သင်ကျောင်းကို ဘယ်လိုမျိုးနဲ့ ဝင်ရောက်ဖြစ်ခဲ့ပါသလဲ။
ဖြေ ။    ။ ကျွန်တော်က ဗန်းမော်မြို့ရှိ၊ ကိုလန်ဘန်စာသင်ကျောင်းမှာ နှစ်နှစ်နေခဲ့တယ်။ ၁၉၅၁ ခုနှစ်မှာ ဘုန်းတော်ကြီးက မင်းဘုန်းကြီးဖြစ်ချင်လား၊ ရဟန်းဖြစ်သင်ကျောင်း သွားမလားဆိုပြီး ဆရာတော့်ကို မေး တယ်။ ကိုယ်ကလည်း ဘုန်းကြီးဖြစ်ချင်တော့ ဘုန်းကြီးစကားကို နားထောင်တာပေါ့လေ။ အဲဒါနဲ့ ရဟန်းဖြစ်သင်ကျောင်းကို သွားမယ်ဆိုပြီး ပြောလိုက်တယ်။ ကျွန်တော်က ၁၉၅၃ ခုနှစ်မှာတော့ မေမြို့က စိန်အလွိုင်ရှက်ရဟန်းဖြစ်သင်ကျောင်းကို ရောက်သွားတယ်။
မေး ။    ။ ကိုယ်တော်ဆရာတော်သိက္ခာတော်ကို ဘယ်နှစ်မှာ ခံယူခဲ့ပါသလဲ။
ဖြေ ။    ။ ဆရာတော်သိက္ခတော်ကို ၁၉၇၆ ခုနှစ် ဧပြီလ၊ ၃ ရက်နေ့မှာ မြစ်ကြီးနားမြို့မှာပဲ ခံယူခဲ့ပါတယ်။ ၁၉၇၆ ခုနှစ် ဇွန်လမှာတော့ မြစ်ကြီးနားဆရာတော်တာဝန်ကို ဆရာတော်ကြီး ဂျွန်ဟော John Howe ဆီကနေ လက်လွှဲခံယူပြီးတော့ ဆရာတော် ဂျွန်ကတော့ ဗန်းမော်မှာပဲ ဆက်နေတယ်။
မေး ။    ။ ဆရာတော်ဖြစ်တာနဲ့ မြစ်ကြီးနားဂိုဏ်းအုပ်ဆရာတော် Local Ordinary ဖြစ်သွားခဲ့ပါသလား။
ဖြေ ။    ။ ဟုတ်ပါတယ်။ အဲဒီနှစ် ဇူလိုင်လမှာပဲ ကိုလန်ဘန် ဆရာတော်ဂျွန်ဟောက ကျွန်တော့်ကို တာဝန်လွှဲခဲ့ပါတယ်။
မေး။ ကိုယ်တော် ဆရာတော်အဖြစ် အရွေးခံရတာကို ပုပ်ရဟန်းမင်းကြီးရုံးကနေ ဘယ်လိုအကြောင်းကြား သတင်းထုတ်ပြန်ခဲ့ပါသလဲ။
ဖြေ ။    ။ အဲဒီတုန်းကတော့ ကြေးနန်းနဲ့ အကြောင်းကြားလိုက်တာပေါ့။
မေး ။    ။ အဲဒီတုန်းက မြစ်ကြီးသာသနာဆိုတာ ရှိပြီလား။ မြစ်ကြီးကက်သလစ်ဂိုဏ်းအုပ်သာသနာက ၁၉၆၁ ခုနှစ်မှ ပေါ်လာတယ်။
ဖြေ။   မရှိသေးဘူး။ Banmaw Vicarate ဗန်းမော်သာသနာအုပ်ချုပ်ရေးနယ်မြေအဖြစ်ပဲ ရှိသေးတယ်။ ၁၉၆၁ ခုနှစ်မှာ ဘုန်းတော်ကြီး ဂျွန်ဟောက ဆရာတော် ဖြစ်လာတယ်။ အဲဒီအချိန်ကနေစ ပြီးတော့ Diocese of Myitkyina မြစ်ကြီးနားကက်သလစ်သာသနာဆိုပြီး ရှိလာတယ်။
မေး။     ။ သူကဆရာတော့်ကို တာဝန်လွှဲပြီးဆိုတော့ သူက သူ့ရဲ့နိုင်ငံကို ချက်ချင်းပြန်သွားတာလား။
ဖြေ။ ၁၉၇၉ ခုနှစ်မှာ ကချင်ပြည်နယ်မှာ သာသနာပြုနေကြတဲ့ နိုင်ငံခြားက ကက်သလစ်သာသနာပြု ပုဂ္ဂိုလ်တွေအားလုံး မြန်မာနိုင်ငံကနေ ထွက်ခွာသွားကြတယ်။
မေး ။    ။ ကိုယ်တော်အနေနဲ့ ရဟန်းသိက္ခာခံယူခဲ့တဲ့ ၁၉၇၆ ခုနှစ်နဲ့ ယခု ၂၀၀၀ ခုနှစ်အကြားထဲမှာ သာသနာပြုရတဲ့ အခြေအနေတွေက  ဘယ်လိုမျိုးပြောင်းလဲလာတယ်ဆိုတာ ပြောပြပေးပါ။
ဖြေ ။    ။ ကချင်ပြည်နယ်ရဲ့အတိုင်းအတာအရဆို ရန်ကုန်နဲ့တော့ မတူဘူးပေါ့။ မြန်မာနိုင်ငံမှာက အဲဒီအချိန် ကတည်းက နိုင်ငံရေး တင်းမာနေတဲ့အချိန် ဖြစ်တယ်။ ကချင်ပြည်နယ်မှာက ကေအိုင်အေနဲ့ဗမာ့ တပ်မတော်နဲ့က တိုက်ပွဲဖြစ်နေပြီ။ ပြည်တွင်းစစ်ဖြစ်နေပြီ။ တချို့ရွာတွေကိုတော့ ဘုန်းကြီးရဟန်းတွေ သွားရောက်နိုင်ခဲ့ကြပေမယ့် တချို့ရွာတွေဆိုရင်တော့ ဘုန်းကြီးရဟန်းတွေ မရောက်တာ ကြာတဲ့နေရာတွေ လည်း ရှိပါတယ်။ ရွာတစ်ရွာမှာဆိုရင် ခရစ်စမတ်ပွဲတော် ကျင်းပဖို့အတွက် သွားတော့ ဘုန်းကြီးတစ်ပါးက ညနေ ၆ နာရီမှာ ဘာသာတူတွေရဲ့ အပြစ်ဖြေခြင်းကို နားထောင်တာ မနက် ၆ နာရီတောင် ထိုးသွားတယ်။
မေး။ အဲဒီလိုမျိုး စစ်ပွဲတွေအကြားထဲမှာ၊ ဘုန်းတော်ကြီးတွေ လွယ်လွယ်ကူကူ မရောက်နိုင် တဲ့နေရာတွေ၊ ကျေးရွာတွေမှာ ရှိကြတဲ့ ဘာသာတူတွေရဲ့ ယုံကြည်ခြင်းကို ဘယ်လိုသုံးသပ်မိသလဲ။ ဘယ်အရာက သူတို့တွေရဲ့ ဘာသာတရားဆိုင်ရာ ယုံကြည်ခြင်းကို ခိုင်မာတည်တံ့နေအောင် လှုံ့ဆော်ပေး တယ်လို့ ယူဆပါသလဲ။
ဖြေ။    ။အဲဒီလိုတိုက်ပွဲတွေဖြစ်ပြီးတော့ သေမလားရှင်မလားဆိုပြီး ပူပင်သောကရောက်နေကြတဲ့အချိန်မှာ ဘာသာတူတွေဟာ ဘုရားကို အားကိုးကြတယ်။ သူတို့ကို ထိန်းသိမ်းထားနိုင်တာက ဓမ္မဆရာ/မတွေ ဖြစ်ပါတယ်။
မေး ။    ။ ကက်သလစ်အသင်းတော်ထဲမှာ ဓမ္မဆရာ/မ တွေရဲ့ အခန်းကဏ္ဍကို ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ သူတို့တတွေက အသင်းတော်အတွက် မရှိမဖြစ်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။။ ဘာဖြစ်လို့လဲ ဆိုတော့ တချို့ဒေသတွေမှာ ဆရာတော်၊ ဘုန်းတော်ကြီးတွေ မရောက်နိုင်တဲ့နေရာတွေမှာ ဆိုရင် ဓမ္မဆရာ/မတွေပဲ ဆေးကြောခြင်းပေးတာတို့၊ လက်ထပ်ခြင်းပေး တာတို့ဆိုတာ လုပ်ကြရတာ။ သူတို့က ကက်သလစ်အသင်းတော်အတွက် အလွန်အရေးပါးတဲ့ပုဂိုလ်တွေ ဖြစ်ကြပါတယ်။
မေး ။    ။ ကိုယ်တော့်အနေနဲ့ ဓမ္မဆရာ/မတွေကို သူတို့ရဲ့ လုပ်ရည်ကိုင်ရည်တက်လာအောင်၊ သာသနာ အတွက် ပိုပြီး ဆည်းကပ်နိုင်အောင် ဘယ်လိုအားပေးစကားမျိုးတွေနဲ့ motivation လှုံ့ဆော် မှုတွေကို လုပ်ဆောင်ခဲ့ပါသလဲ။
ဖြေ။ အဲဒီတုန်းကတော့ မြစ်ဆုံမှာ ကိုလန်ဘန်ဘုန်းတော်ကြီးတွေ တည်ထားတဲ့ ကျမ်းစာသင်ကျောင်းရှိ တယ်။ နောက်တစ်ခုအနေနဲ့က တော့ Pastoral Letter သိုးထိန်းစာ လစဉ်ရေးပြီး သူတို့ကို ပုံမှန်ပို့ပေးတယ်။ နောက်ပြီးတော့ Jinghpaw Kasa ““ကချင်သတင်းဝေမျှသူ”” ဆိုတဲ့စာစောင်ကို ကချင် ဘာသာ မြစ်ကြီးနား ကက်သလစ်သာသနာတော်က ထုတ်ဝေခဲ့ပါတယ်။ အခုလည်း ကချင်ကက်သလစ်လူ ငယ်တွေက ဆက်လက်ပြီး ဒီစာစောင်ကို ထုတ်ဝေနေတယ်။
မေး။    ။ အဲဒီတုန်းကတောင် စာစောင်တွေ ထုတ်ဝေနိုင်ခဲ့ပြီးမှ ဒီခေတ်ကျတော့ စာစောင်တွေက အားနည်းသွားတာ ဘယ်လိုမြင်လဲ။
ဖြေ။ ဒီခေတ်ကျတော့ ဘာကိုဦးတည်ပြီးလုပ်နေသလဲ၊ ဘာက တွန့်အားပေးနေသလဲ။ သေချာတဲ့ဦး တည်ချက်၊ ရည်ရွယ်ချက်တွေ၊ အချင်းချင်း အားပေးတာတွေ အားနည်းတယ်။ အရင်တုန်းကဆိုရင် ဒီခေတ်လို ကွန်ပြုတာ၊ မိတ္တူကူးစက်နဲ့ ပုံနှိပ်စက်တွေ ပေါ်တာ မဟုတ်သေးဘူးနော်။
မေး။ ကိုယ်တော်တို့တုန်းက သာသနာပြုသူတွေဖြစ်တဲ့ ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေ၊ ဓမ္မဆ ရာ/မ တွေနဲ့ ယခု သာသနာပြုသူတွေရဲ့ ကွာခြားချက်လေးကို ပြောပြပေးပါ။
ဖြေ။ အရင်တုန်းကဆိုရင် ကားမရှိတော့ ခြေကျင်နဲ့သွားခဲ့ရတယ်။ တယ်လီဖုန်းဆိုတာလည်း မပေါ်သေး ဘူး။ နိုင်ငံခြားဘုန်းကြီးတွေ မြန်မာပြည်ကနေ ပြန်သွားတဲ့ ၁၉၇၀ ခုနှစ်အထိ ဖုန်းမရှိသေးဘူး။ ဒါပေမယ့် သူတို့မိဘတွေ၊ သူငယ်ချင်းတွေဆီကနေ ပုံမှန် စာတွေရောက် လာတယ်။ ပစ္ဆည်းတွေရောက်လာတယ်။ သတင်းစာတွေ ရောက်လာတယ်။ အချင်းချင်း ပုံမှန်စာရေးကြတယ်။ သူတို့ရဲ့နေပုံထိုင်ပုံတွေကလည်း စနစ်ကျတယ်။ သူတို့ကမနက်ဆိုရင် အတူတူမနက်စာ စားကြတယ်။ အချင်းချင်းသတင်းတွေ ဖလှယ်ကြ တယ်။ နောက်ပြီးတော့ ကိုယ့်ဟာကိုယ် အချိန်ဇယားဆွဲကြပြီးတော့ အဲဒီအချိန်ဇယားကို လိုက်ကြတယ်။ ဘုန်းကြီးတစ်ပါးဆိုရင် တနင်္ဂနွေတိုင်း ဆေးရုံကိုသွားပြီး လူနာတွေကို လိုက်ဆုတောင်းပေးတယ်။ သူတို့ က လူတွေကို လေးစားတယ်။ ကျွနု်ပ်အနေနဲ့ သူတို့နဲ့ အတူတူနေခဲ့တဲ့ဘ၀ တစ်လျှောက်မှာ လူတွေကို နှိမ်တဲ့စကားတွေ လုံးဝမကြားခဲ့ဘူး။ သူများကို အားပေးတတ်ကြတယ်။ ဒေသခံတွေရဲ့ အားနည်းချက်တွေကို နားလည်ပေးတတ်ကြတယ်။ ဥပမာဆိုရင် မြစ်ကြီးနားမှာ ရဟန်းတစ်ပါး ရဟန်းသိက္ခာတင်ဖို့အတွက် သာသနာတိုင်းက အလှူငွေ ပေးရတော့ အဲဒီပွဲမှာ ဆွန်ပရဘွမ် ဒေသဖက် ဓမ္မဆရာတစ်ယောက်က အချိန်မှီမရောက်လာတာကို သူ့ရဲ့ဘုန်းကြီးက အပြစ်မတင်ဘူးလေ။ အလှူငွေတွေ စုံစုံညီညီနဲ့များများ ရနိုင်ဖို့အတွက် ဆရာက စီစဉ်နေတာ ဖြစ်မှာပါဆိုပြီး သူ့ဘုန်းကြီးက အစည်းအဝေးမှာ ထပြောလိုက်တယ်။ နောက်ပြီးသူတို့က ကျွန်တော်တို့ကို တာဝန်သိတတ်အောင်၊ ယူတတ်အောင် သင်ပေးခဲ့ကြတယ်။ သူတို့မှာ Team Spirit အဖွဲ့အစည်းစိတ်ဓါတ်၊ ပူးပေါင်းလုပ်ကိုင် တတ်တဲ့စိတ်ဓါတ် ရှိကြတယ်။ သူတို့အချင်းချင်းလည်း အားပေးတတ်ကြတယ်။ ဒုတိယဗာတီကန်ကောင်စီ မတိုင်ခင်ကတည်းကိုက သာမန်ဘာသာဝင်တွေကိုလည်း နေရာတော်တော် ပေးကြတယ်။ ဒေသ ခံစကားကိုလည်း သင်ယူခဲ့ကြတယ်။ မြန်မာပြည်က ဒေသခံဘုန်းကြီးတွေကတော့ နိုင်ငံခြားက သာသနာပြုခဲ့တဲ့ ပုဂိုလ်တွေရဲ့ စိတ်ဓါတ်ကို အတုယူကြဖို့ အများကြီး လိုအပ်နေသေးတယ်လို့ မြင်ပါတယ်။
မေး။    ။ အရင်တုန်းကတော့ စာတိုက်လုပ်ငန်းက တော်တော်ကောင်းတယ်နော်။
ဖြေ။ ကောင်းတာပေါ့။ ပါဆယ်အထုတ်တွေဆိုရင် နိုင်ငံခြားကနေ ရောက်လာကြ တယ်။ ပြည်သူတွေက လည်း စာတိုက်ကို အစားကိုးကြတယ်။ အခုခေတ်ကျတော့ စာတိုက်စနစ်က ပြိုလဲနေပြီလို့ သုံးသပ်မိတယ်။
မေး ။    ။ ဗုဒ္ဓဘာသာသံဃာတော်အချို့ရဲ့ မျိုးစောင့်ဥပဒေဆိုင်ရာ လှုပ်ရှားနေမှုအပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ မိမိလူမျိုးကို စောင့်ထိန်းတာတော့ ကောင်းပေမယ့် သူများကို ထိပါးမယ့်အရာကိုတော့ မလုပ်သင့် ဘူးလို့ မြင်ပါတယ်။ တခြားနည်း လမ်းတွေလည်း ရှိပါတယ်။ ဥပမာ လူတွေကို အမြင်မှန်တွေ ရလာအောင် ဟောပြောသင်ကြားပေးခြင်း Animation မျိုးဖက်ကနေ များများလုပ်ရင်လည်း ရမှာပါ။ ကိုယ့်ရဲ့ ကောင်းတဲ့ ပုံသက်သေအနေနဲ့ ပြလို့ရတာပဲ။ မျိုးစောင့်ဥပဒေကိုတော့ ဆင်ဆင်ခြင်ခြင် လုပ်ကြဖို့ အားလုံးရဲ့ တာဝန်ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။
မေး ။    ။ ကိုယ်တော်က မြစ်ကြီးနားသာသနာ တောင်ပေါ်ဒေသမှာ အကြာကြီးသာသနာပြုခဲ့ပြီး ယခုမြန်မာပြည်အောက်ပိုင်း မြေပြန့်မှာ သာသနာပြုတဲ့အခါမှာ ဘယ်လိုကွာခြားချက်လေးတွေ ရှိခဲ့ပါသလဲ။
ဖြေ။ ကွာခြားမှုအနေနဲ့ကတော့ လမ်းပန်းဆက်သွယ်ရေးမှာတော့ ကွာတာပေါ့လေ။ မြစ်ကြီးနားမှာနေ တုန်းကတော့ လမ်းပန်းဆက်သွယ် ရေးက ခက်တော့ ရွာတစ်ရွာသွားပြီဆိုရင် အဲဒီရွာသွားလမ်းပေါ်က ဘာသာတူရွာတွေမှာ နားရင်းနဲ့ဘာသာတူတွေနဲ့ အထိအတွေ့ ရသလို သွားတဲ့ရွာရောက်တော့ အနည်းဆုံးတစ်ည အိပ်ရတယ်။ အဲဒီလိုအိပ်တော့ ရွာသားတွေနဲ့ အထိအတွေ့၊ စကားပြောခွင့် ပိုပြီး အချိန်ရတာ ပေါ့လေ။ မန္တလေးဖက်ကျတော့ သွားရေးလာရေးက ကောင်းတော့ ကားနဲ့ခဏသွားပြီး ညမအိပ်တော့ဘဲ မန္တလေးကို ပြန်လာတာမျိုးတွေ များတော့ တောင်ပေါ်မှာတုန်းကလို ဘာသာတူတွေနဲ့ ထိတွေ့ဆက်ဆံမှုက ပိုနည်းသွားမယ်လို့ ထင်ပါတယ်။
မေး ။    ။ မန္တလေးသာသနာကို ဝင်လာတဲ့အချိန်မှာ ဘုန်းကြီးတွေ၊ ဒေသခံတွေနဲ့ ဘာသာသူတွေရဲ့ ကိုယ့်ကိုယ်လက်ခံနိုင်မှု အခြေအနေ ဘယ်လိုရှိသလဲ။
ဖြေ ။    ။ သူတို့ရဲ့လက်ခံမှုကတော့ အပြည့်အဝရှိပါတယ်။ဒါဟာ ခွန်အားတစ်ခုပါပဲ။
မေး။ ကိုယ်တော်ရဲ့ ဆရာတော်ဘဝတစ်လျှောက်မှာ မှတ်ကျောက်တင်လောက်ရတဲ့ အားအရဆုံး လုပ်ဆောင်ခဲ့တာက ဘာဖြစ်မလဲ။
ဖြေ ။မြစ်ကြီးနားမှာ တာဝန်ကျတုန်းကတော့ ဆယ်တန်းအောင်ပြီးသား လူငယ်တွေကို ၂ နှစ်၊ ၃ နှစ်လောက် ဘုရားကို ဆက်ကပ်နိုင် အောင် လေ့ကျင့်ပျိုးထောင်ပေးတယ်။ ဒီလိုလေ့ကျင့်ပျိုးထောင် လိုက်ခြင်းအားဖြင့် လူငယ်တွေကို နယ်တွေမှာ ပို့လိုက်တဲ့အခါမှာ ရွာသားတွေက သူတို့တတွေကို ဆရာ၊ ဆရာမ ဆိုပြီး ခေါ်လာကြတော့ သူတို့လည်း ပိုပြီးတော့ ဆင်ဆင်ခြင်ခြင် နေထိုင်တတ်လာသလို သူတို့ရဲ့ တန်ဖိုးကို သိရှိလာတယ်။ ပိုပြီးလည်း ရင့်ကျက်လာတယ်။ ပြီးတော့ တာဝန်ယူနိုင်တဲ့စိတ် ဓာတ်တွေ ဖြစ်ပေါ်လာတယ်။ အဲဒီလူငယ်တွေထဲမှာမှ ဘုန်းကြီး တွေ ဖြစ်သွားတာတို့၊ သီလရှင်တွေဖြစ် သွားတာတွေ ရှိပါတယ်။ အဲဒါကိုတော့ အားရပါတယ်။
မေး ။ မြန်မာနိုင်ငံက သာမန်ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေက ဘယ်အချိန်မှာ ရဟန်းတို့တတ် အပ်တဲ့ ဖီလော်ဆိုဖီ၊ သီသြော် လော်ဂျီတွေကို သင်ယူခွင့် ရကြမလဲ။
ဖြေ ။     ။ သင်ယူချင်တယ်ဆိုရင်တော့ ပြင်ဦးလွင်နဲ့ရန်ကုန်က ကက်သလစ်ရဟန်းဖြစ်တက္ကသိုလ်တွေမှာ စာရေးတင်ကြပါ။ အဲဒီလိုစာရေး တင်ပြီးမှ သက်ဆိုင်ရာကျောင်းအုပ်တွေ က မြန်မာပြည်ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်ဆီကို ပြန်တင်ပြမှာ။ အဲဒါဆိုရင် ဆရာတော်တွေလည်း တစ်ခုခုစလုပ်လို့ ရသွားမှာပါ။
မေး ။    ။ မြန်မာပြည်ကက်သလစ်သာသနာတော်မှာ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်တဲ့ မူဝါဒတွေ လိုအပ်ပြီလို့ မြင်ပါသလား။
ဖြေ ။ မြင်ပါတယ်။ ကက်သလစ်သာသနာတော်ကနေ ဖွင့်လှစ်ပေးထားတဲ့ ဘော်ဒါတွေမှာ ကလေးထိန်းတဲ့ လူကြီးတွေက ကလေးတွေ အပေါ်မှာ အကြမ်းဖက်မှု၊ အနိုင်ကျင့်မှု မရှိအောင်အတွက် ကလေးသူငယ်တွေ ကို ကာကွယ်စောင့်ရှောက်တဲ့ မူဝါဒတွေ လိုအပ်နေပါပြီ။
မေး။    ။ ဂလိုရီယားသတင်းဂျာနယ်အပေါ် သုံးသပ်ပေးပါအုံး။
ဖြေ။ အားပေးပါတယ်။ ဆက်ကြိုးစားကြပါ။ အခုလိုမျိုး ကက်သလစ်ဂျာနယ် တစ်စောင် ပေါ်လာတယ် ဆိုတာ မြန်မာပြည်ကက်သလစ် သာသနာတော်အတွက်လည်း ဂုဏ်ယူစရာ ဖြစ်သလို ဂုဏ်လည်း တက်ပါတယ်။ ဆလိုင်းကုန်ဇမှုန်း

1963  Views
Previous: ကက်သလစ်ဆရာတော်တွေနဲ့ ရဟန်းတော်တွေမဟုတ်တာလုပ်ရင် တိုင်ကြားလို့ရတယ်လို့မြွက်ကြားတော်မူသော ဆရာတော်ကြီးချားလ်စ်ဘိုနှင့်မေးမြန်းခန်း
Next: (၅) ကြိမ်မြောက် အာရှကက်သလစ်လူငယ်များတွေ့ဆုံပွဲကို ထရီဗာဒွန်မြို့တွင် ကျင်းပ