ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် ဒုရဲအုပ်ချယ်ရီထက်အား ပုဒ်မ ၅၀၅- က ဖြင့် ဖမ်းဆီး

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် လုပ်ခဲ့သူ ဒုရဲအုပ် ချယ်ရီထက်အား ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယနေ့ (စက်တင်ဘာ ၂၆ ရက်တွင်) ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်၌ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဌာနမှ ဒုရဲမှူး ဇော်ဝင်းထွန်း တိုင်တန်းချက်ရ ဒုရဲအုပ် ချယ်ရီ ထက်အား ဖမ်းဆီး၍ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် ၁ ရဲစခန်းတွင် ပုဒ်မ ၅၀၅ က ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ရေးသားထားသည်။

 

ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်ပြုလုပ်ခဲ့သူ ချယ်ရီထက် / Cherry Htet/Facebook

 

ချယ်ရီထက်သည် လူမှုကွန်ရက် စာမျက်နှာ၌ May Mi အကောင့်ဖြင့် မတ် ၆ ရက်မှစ၍ “မတရားတာကို မတရားဘူးလို့ မပြောရဲရင် ပါးစပ် ပိတ်ထားပါ။ တရားပါတယ်လို့တော့ မပြောပါနဲ့” ၊ မတ် ၇ ရက်တွင် “ဘယ်လိုပဲ ပြောပြော ဟိုဘက် ကလည်း CDM မပါရင် စစ်ကောင်စီ ဘက်တော်သားအဖြစ် အရေးယူမယ်တဲ့.. ဒီဘက်ကလည်း CDM ပါရင် ရဲစည်း/ အရပ်ဘက် ထောင် ၁၃ နှစ်တဲ့၊ နှစ်ဖက်စလုံး ဖမ်းချင်နေကြတယ် ဆိုတော့ တခါတည်း အထုပ်ပြင်ပြီး အချုပ်ထဲ သွားနှင့် ရမလား” ဟူ၍ လည်းကောင်း မတ် ၁၄ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် ဖေ့ဘွတ် page မှ “လွမ်းလိုက်တာ အမေ” ဟူသည့် ပိုစ့်အား share ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ဇွန်လတွင် NLD ပါတီ၏ ဘီးလင်း လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဖြစ်သူ မသီရိရတနာနှင့် ဆက်သွယ်မှု များ ပြုလုပ်ခဲ့ပြီး မသီရိရတနာမှ တောတွင်း စခန်းချ နေထိုင်မှုများနှင့် လက်နက်ကိုင်ဆောင်မှု မှတ်တမ်းဓာတ်ပုံများ၊ NUG ၏ သတင်းထုတ်ပြန်ချက်များကို ပေးပို့ခြင်း၊ ပြည်ပ သတင်းဌာနများ၏ သတင်း ရုပ်သံဖိုင်များကို အပြန်အလှန် ပေးပို့ခြင်းများ ပြုလုပ်ခဲ့သဖြင့် အမှုဖွင့် တိုင်တန်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ချယ်ရီထက်အား စစ်ကောင်စီက စက်တင်ဘာ ၂၁ ရက်တွင် စစ်ဆေးမေးမြန်းရန်နေအိမ်မှနေ ခေါ်ဆောင်သွားခဲ့ပြီး စက်တင်ဘာလ ၂၃ ရက်တွင် စစ်ကောင်စီက ဖမ်းဆီး၍ အမှုဖွင့်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ တို့ အပါအဝင် တိုင်းနှင့် ပြည်နယ် အသီးသီးရှိ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ NLD ပါတီဝင်များ ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုဥပဒေ၊ ပို့ကုန်သွင်းကုန် ဥပဒေ၊ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ အစရှိသည့် အမှုပေါင်း ၁၀ ကျော်တို့ဖြင့် ဆက်တိုက် တရားစွဲဆိုထားသည်။

462  Views
Previous: ကက်သလစ်သာသနာတော်ထဲမှာ ဘာသာဝင်တွေကို သာသနာထဲကနေ ထုတ်ပယ်ခြင်း လုပ်တာမျိုးကို မကျင့်သုံးချင်တော့ဘူးလို့ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မိန့်ကြားတော်မူ
Next: အရင်ကလူမှုဘဝအခြေအနေကို ပြန်လည် ရောက်ရှိနိုင်ရေးအတွက်၊ ကိုဗစ်ကာကွယ်သောက်ဆေးနှင့်ကိုဗစ်ကုသသောက်ဆေးများ