အသက်တော် (၈၁) နှစ်ရှိပြီဖြစ်တော်မူသော မန်းဒလေးကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး (ငြိမ်း) ပေါလ်ဇိန်ထုန်းဂရောင် ဘုရားသခင်ထံတော်သို့ ဘုန်းတော်ဝင်စားပျံလွန်တော်မူ

မန်္တလေးကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး (ငြိမ်း) ပေါလ်ဇိန်ထုန်းဂရောင်သည် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ၊ နေ့လည် (၁၂း၁၀) နာရီတွင် ဆီးကြိတ်ကင်ဆာရောဂါဖြင့် သူနေထိုင်ခဲ့သောမန်္တလေးကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကျောင်းတိုက်တွင် ဆရာတော်ဘုရား ယုံကြည်သက်သေခံခဲ့သော ဘုရားရှင်မြတ်ထံသို့ ဘုန်းတော်ဝင်စားသွားပြီ ဖြစ်ကြောင်း ကြားသိရသည်။

Image of Archbishop Paul Zinghtung Grawng

 

ဆရာတော်ကြီးသည် ၁၉၃၉ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့တွင် ဖွားမြင်တော်မူပြီး၊ ကက်သလစ်ရဟန်းသိက်္ခာကို ၁၉၆၅ ခုနှစ်၊ မတ်လ (၂၀) တွင်လည်းကောင်း၊ မြစ်ကြီးနားကက်သလစ် သာသနာပိုင်လက်ထောက်ဆရာတော်အဖြစ် ဆရာတော်သိကာကို ၁၉၇၆ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့၊ မြစ်ကြီးနားကက်သလစ် သာသနာပိုင်ဆရာတော်အဖြစ် ၁၉၇၆ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့တွင် လည်းကောင်း၊ မန်္တလေးကက်သလစ်ဂိုဏ်းချုပ်ဆရာတော်အဖြစ် ၂၀၀၃ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့မှ ၂၀၁၄ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့အထိ (၁၄) နှစ်တိုင်တိုင် သာသနာအမှုတော်နှင့်လူသားများကို အစေခံတော်မူခဲ့သည်။

 

ဆရာတော်ကြီးပေါလ်ဂရောင်သည် ဂလိုရီယာသတင်းဂျာနယ်ကို ပုသိမ်ဆရာတော်ဂျွန်မန်းဆိန်းဟှီ၊ ကျိုင်းတုံဆရာတော် ပီတာဂျာခူးနှင့် မန်္တလေးကက်သလစ်ဂိုဏ်းချုပ်ဆရာတော် နီကော်လပ်စ်မန်းထန်တို့က နည်းမျိုးစုံဖြင့် ဟန့်တားပိတ်ပင်နေကြတဲ့အချိန်မှာ အီးမေးလ်ဖြင့်လည်းကောင်း၊ လူချင်းတွေ့တဲ့အခါတွင်လည်းကောင်း၊ ဂရုမစိုက်ဘဲ လုပ်သင့်တာတွေကို ဆက်လုပ်ဖို့၊ အမြဲအားပေးစကား၊ အားပေးစာဖြင့် လက်တွဲခေါ်ခဲ့တော်မူသော ဆရာတော်ကြီးတစ်ပါးဖြစ်ပါတယ်။

 

ဆရာတော်ကြီးသည် ရိုးရိုးရှင်းရှင်းနေထိုင်ခြင်း၊ လူတိုင်းကိုအပြုံးမျက်နှာနှင့်ပျော့ပျောင်းချိုသာသောစကားများဖြင့် ပြောဆိုနှုတ်ဆက်တတ်ခြင်း၊ ဘုရားတရားရှိသူ၊ ကောင်းသောအလုပ်ကို လုပ်နေသူများအား အားပေးတတ်ခြင်း၊ နှိမ့်ချစွာနှင့်ဖြူစင်စွာနေထိုင်ခြင်းတို့ကြောင့် အများလူတကာ၏လေးစားမှုနှင့်ကြည်ညိုခြင်းတို့ကို ခံစားရရှိသူ ဖြစ်တော်မူသည်။

 

ဆရာတော်ကြီးပေါလ်ဇိန်ထုန်းဂရောင်သည် မိမိအတွက် ကိုယ်ပိုင်ငွေစုဘဏ်စာအုပ်၊ ကား၊ မြေကွက်၊ အိမ်၊ ငွေများ မပိုင်ဆိုင်ခဲ့ဘဲ လူသားများ၏ဝိညာဉ်ကိုသာ ပိုင်ဆိုင်ဆုဆောင်းခဲ့သော ဆရာတော်ကြီး ဖြစ်သည်။

 

ဆရာတော်ကြီးသည် သေဆုံးချိန်တွင် အသက်တော် (၈၁) နှစ်၊ ကက်သလစ်ရဟန်းဝါတော် (၁၁) နှစ်ဝါ၊ ကက်သလစ် ဆရာတော်ဝါတော် (၄၄) ဝါ ရှိတော်မူပြီး ကချင်ပြည်နယ်နှင့်မန်္တလေးတိုင်းဒေသကြီးတို့တွင် သာသနာအမှုတော်နှင့်လူသားများကို အစေခံတော်မူခဲ့သည်။

1049  Views
Previous: အသည်းရောင် စီ ပိုးကို ရှာတွေ့ခဲ့တဲ့ ဆေးပညာရှင်တွေ (၃) ဦးကို ဆေးဖက်ဆိုင်ရာ နိုဘယ်ဆု ချီးမြင့်
Next: ကမ္ဘာပေါ်တွင် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်တွေ့ရှိသဖြင့် ကာကွယ်ရေးနည်းလမ်းများ ပို၍တိကျစွာလိုက်နာကြရန် ဝန်ကြီးဌာနတိုက်တွန်း