ရွေးကောက်ပွဲလုပ်ပြီး အာဏာပြန်လွှဲမယ်လို့ တပ်မတော်ပြော

ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး တစ်နှစ်တိတိ နိုင်ငံတော်အာဏာကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ လွှဲအပ်လိုက်တယ်လို့ တပ်မတော်ပိုင် မြဝတီသတင်းဌာနက ဒီမနက် ၈ နာရီသတင်းမှာ ကြေညာလိုက်ပါတယ်။
“မဲစာရင်းများ စစ်ဆေးအတည်ပြုခြင်း အပါအဝင် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေး အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ခုနှစ် ပုဒ်မ ၄၁၈ ပုဒ်မခွဲ (က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်တာဝန်ပေးလိုက်သည်။”
သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေကို ဖမ်းဆီးပြီးနောက် ဒုသမ္မတဖြစ်တဲ့ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ယူ လက် မှတ်ရေးထိုးပြီး တိုင်းပြည်အာဏာကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို လွှဲအပ်ပေးခဲ့တာဖြစ်ပါတယ်။
အငြင်းပွားမှုဖြစ်နေတဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲမဲရလဒ်တွေကို တပ်မတော်က ဆက်တိုက် ကန့်ကွက်ခဲ့ပြီး ဒီပြဿနာကို ဖြေရှင်းပြီးမှ တတိယအကြိမ် လွှတ်တော်ခေါ်ယူကျင်းပဖို့ တောင်းဆိုခဲ့တာပါ။ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ အဆုံးအဖြတ်အတိုင်းပဲ တုံ့ပြန်ခဲ့ပြီး၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ လွှတ်တော် ခေါ်ယူကျင်းပဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါကြောင့် လွှတ်တော်မကျင်းပခင် ဇန်နဝါရီ ၃၁ ရက်နေ့ညမှာပဲ တပ်မတော် က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။
အဲဒီလို အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၁ ဒီမနက်မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို သမ္မတအိမ်တော်မှာ ကျင်းပခဲ့တဲ့အကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ အာဏာသိမ်းခဲ့တာ ဖြစ်တဲ့အကြောင်းကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။
ဒီအရေးပေါ်ကာလပြီးဆုံးတဲ့အခါ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးမှာဖြစ်ပြီး၊ အနိုင်ရ နိုင်ငံရေးပါတီကို အာဏာပြန်လွှဲပေးမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရကနေ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားအစိုးရကို အာဏာလွှဲပေးပြီး ၁ဝ နှစ်အကြာ တပ်မတော်က အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ ဒီမတိုင်ခင် လွန်ခဲ့တဲ့ ၃၃ နှစ်တုန်းကတော့ ၈၈ ဒီမိုကရေစီရေး တောင်းဆိုတဲ့ လူထုအုံကြွမှု အပြီးမှာ စစ်တပ်က အာဏာသိမ်းခဲ့ဖူးပါတယ်။
577  Views
Previous: စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် NLD သဘောထားထုတ်ပြန်
Next: မြန်မာနိုင်ငံအတွင်းရှိ ဆရာဝန်များအနေနဲ့ ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်ပေးကြပါလို့ အသနားခံချင်ပါတယ်။