ရဟန်းမင်းကြီးဖရန်စစ်က ဆရာတော်ကြီး ဘာစီလိအိုအားသိုင်အား တောင်ကြီးကက်သလစ်ဂိုဏ်းချုပ်ဆရာတော်အဖြစ် ခန့်အပ်လိုက်တော်မူ

aa

ဗာတီကန်၊ ဇွန်လ ၂၄၊ ၂၀၁၆

ရဟန်းမင်းကြီးအရှင်သူမြတ်ဖရန်စစ်က လက်ရှိတောင်ကြီးဂိုဏ်းချုပ်သာသနာ၏ စီမံအုပ်ချုပ်ရေးဆရာတော်ကြီး ဘာစီလိအို အားသိုင်အား တောင်ကြီး ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်အဖြစ် ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ (မြန်မာစံတော်ချိန် ညနေ ၄း၃၀ နာရီ) တွင် ခန့်အပ်လိုက်ကြောင်းဖြင့် ဗာတီကန်နန်းတော်က ကြေငြာလိုက်ပါသည်။

ထိုကဲ့သို့သော မင်္ဂလာရှိသော သတင်းကောင်းကြောင့် ဂလိုရီယာသတင်းဂျာနယ်မိသားစုနှင့်ဝန်ထမ်းများသည်  တောင်ကြီးဂိုဏ်းချုပ် သာသနာတော်ရှိ ကက်သလစ်ဘာသာဝင်များနှင့်အတူ ဂိုဏ်းချုပ်ဆရာတော်အဖြစ် ခန့်အပ်ခြင်းခံရတော်မူသော ဂိုဏ်းချုပ် ဆရာတော်သစ် ဘာစီလိအို အားသိုင်အား ဂုဏ်ယူဝမ်းမြောက်လျက် ရှိပါသည်။

ဂိုဏ်းချုပ်ဆရာတော် ဘာစီလိအို အားသိုင်၏ ကိုယ်ရေးသမိုင်းအကျဉ်းမူကား၊ ၁၉၅၆ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် မွေးဖွားသန့် စင်ကာ ၁၉၈၄ခုနှစ် ဧပြီလ (၁)ရက်နေ့တွင် ရဟန်းသိက္ခာကို ခံယူတော်မူခဲ့ပါသည်။ ၂၀၀၈ ခုနှစ် ဇွန်လ ၂၈ရက်တွင် တောင်ကြီး ဂိုဏ်းချုပ်သာသနာ၏ လက်ထောက်ဆရာတော် အဖြစ်ရွေးကောက်ခံရကာ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်တွင် ဆရာတော် သိက္ခာကို ခံယူခဲ့ပါသည်။ သူသည် ဂိုဏ်းချုပ်ဆရာတော်ကြီး မာတီးယားဦးရွှေ အငြိမ်းစားယူသောအခါ တောင်ကြီးဂိုဏ်းချုပ်သာနာကို စီမံခန့်ခွဲအုပ်ချုပ်သူအဖြစ် ၂၀၁၅ ခုနှစ် ဧပြီလ ၁၂ရက်တွင် ခန့်အပ်ခံခဲ့ပါသည်။

ဆရာတော်ကြီးအားသိုင်သည် အခြေခံမှအထက်တန်းအထိပညာရပ်များကို လွိုင်ကော်တွင်လည်းကောင်း၊ ပထဝီဝင်ဝိဇာဘွဲ့ကို ရန်ကန်တက်္ကသိုလ်တွင် လည်းကောင်း ရရှိခဲ့ပါသည်။ သူသည် စိန်ထရေဇား ရဟန်းဖြစ်သင်ကျောင်းသို့ ဝင်ခဲ့၍ Philosophy  နှင့် Theology ပညာရပ်တို့ကို စိန်ဂျိုးဇက်ရဟန်းဖြစ်တက်္ကသိုလ် ရန်ကုန်တွင်တက်ရောက်ခဲ့သည်။ သူသည် ရဟန်းသိက်္ခာကို ရရှိပြီးနောက် အီတလီနိုင်ငံရောမမြို့တွင် Biblical Theology ကို ၁၉၉၃ -၁၉၉၆ ခုနှစ် အထိ သင်ယူခဲ့ပါသည်။

ဆရာတော်ကြီးသည် ရဟန်းဖြစ်ပြီးနောက် တာဝန်ထမ်းဆောင်ခဲ့သောနေရာများမှာ (၁၉၈၄-၁၉၈၆) လက်ထောက် ဘုန်းတော်ကြီးအဖြစ် ဝါးဟှီရွာတွင်လည်းကောင်း၊ (၁၉၈၆-၁၉၈၉)ခုနှစ်တွင် တောင်ကြီးကက်သလစ်ဘုရားကျောင်းတော်ကြီး ၏လက်ထောက်ဘုန်းတော်ကြီးအဖြစ်လည်းကောင်း၊ (၁၉၈၉-၁၉၉၃)ခုနှစ်တွင် ပြင်ဦးလွင်တွင် ရဟန်းဖြစ်တက်္ကသိုလ်တွင် စာချဘုန်းတော်ကြီးအဖြစ်လည်းကောင်း၊ (၁၉၉၆-၂၀၀၅)ခုနှစ်တွင် နာနတ်တော ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ်လည်းကောင်း၊ (၂၀၀၅-၂၀၀၈) ခုနှစ်တွင် တောင်ကြီးမြို့ရှိ စိန်မိုင်ကယ် ရဟန်းဖြစ်တက်္ကသိုလ် ၏ ကျောင်းအုပ် ဘုန်းတော်ကြီးအဖြစ်လည်းကောင်း တာဝန်အသီးသီးထမ်းဆောင်ခဲ့သည် ဟု သတင်းရရှိပါသည်။

ယခုကဲ့သို့သော ခန့်အပ်ခြင်းအပေါ်၊ လက်ရှိတောင်ကြီးမြိ့၊ စိန်ဂျိုးဇက်ကက်သလစ်ဘုရားကျောင်းတော်ကြီး၏ ကျောင်းထိုင်ရဟန်း ဖြစ်တော်မူသော ဦးတင်ဖေအား သူ၏ရင်တွင်းခံစားချက်ကို တယ်လီဖုန်းဖြင့် မေးမြန်းရာတွင် ““သိပ်ပျော်တာပေါ့။ တောင်ကြီးမှာ (၁) နှစ်ကျော်ကျော် ဂိုဏ်းချုပ်ဆရာတော် မရှိတာကနေ အခု ဒီလို ဂိုဏ်းချုပ်ဆရာတော် ပြန်ရတယ်ဆိုတော့ ဘာသာဝင်တွေလည်း ပျော်ကြပါတယ်။ ဆရာတော့်ကိုလည်း လာနှုတ်ဆက်နေကြပါ တယ်”” ဟု ဖြေကြားပေးတော်မူသည်။ အယ်ဒီတာချုပ်

1708  Views
Previous: လုပ်ငန်းတာဝန်များ၌ပေါ့ဆသော ကက်သလစ်ဆရာတော်ကြီးများကို သာသနာပိုင်ဆရာတော်အဖြစ်မှ ထုတ်ပယ်နိုင်သော ဥပဒေတစ်ခုကို ရဟန်းမင်းကြီး ပြဌာန်းတော်မူ
Next: “ဆုတောင်းခြင်း၌ အားနည်းသောရဟန်းသည် အန္တရာယ်တွင်းသို့ ခုန်ရာရောက်ကြောင်း” ဖြင့် ရဟန်းတော်များ၏ သနားကြင်နာခြင်းဂျူဗလီနှစ်တွင် ဆရာတော်ဂျွန်စောယောဟန်က သတိပေးတော်မူ