နိုင်ငံသားဖြစ်ခြင်းနှင့်မြန်မာနိုင်ငံတော်

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်အမှတ် (၁၅) အရ၊ ““လူတိုင်းသည် နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့် ရှိသည်။ ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်းမခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်း မခံစေရ”” ဟု ပြဌာန်းထားသည်။ သို့သော် ယနေ့ကမ္ဘာကြီးတွင် ၎င်းပုဒ်မ ၁၅ကို မည်သည့်နိုင်ငံကမျှ မလိုက်နာကြပေ။ ထို့ကြောင့်ပင်လျှင်၊ သန်းပေါင်းများစွာသော လူသားများသည် နိုင်ငံမဲ့ဘ၀ ကို ရောက်ရှိနေကြခြင်း ဖြစ်ပေသည်။

နိုင်ငံသားဖြစ်မှုသည် ၁၆၄၈ ခုနှစ် ဝက်စ်ဖားလီးယားစာချုပ်ကို ချုပ်ဆိုပြီးမှ အမျိုးသားနိုင်ငံများက အချုပ်အခြာအာဏာပိုင်သော နယ်မြေဒေသများ ဖြစ်လာကြပြီးနောက် နိုင်ငံသားဖြစ်မှုဆိုခြင်းကို အတိအကျဖွင့်ဆိုလာကြခြင်း ဖြစ်ပေသည်။ နိုင်ငံသားဖြစ်မှုကို သတ်မှတ်သောအရည် အချင်းကို ပြော ရသော် သွေးအပေါ်အခြေခံပြီး သတ်မှတ်သော နိုင်ငံသားဖြစ်ခြင်းနှင့် လူမျိုးအပေါ်အခြေခံသော နိုင်ငံ သားဖြစ်မှုဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်ခြင်းသမိုင်းကြည့်ရသော်၊ နိုင်ငံခြားသားများသည် မြန်မာနိုင်ငံသို့ ၁၈၂၄ ခုနှစ် ပထမအင်္ဂလိပ်မြန်မာစစ် နောက်ပိုင်းကာလကတည်းက လာရောက်အခြေချခဲ့ကြပြီး သူတို့မှဆင်း သက်ပေါက်ဖွားလာသူများသည် လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်မူ မိမိနိုင်ငံသို့ ပြန်သူကပြန်၊ မပြန်သူက ကျန်ဖြစ်ခဲ့ကြရသည်။ ဤနေရာတွင် သတိထားရမည့်အချက်ကား၊ မြန်မာနိုင်ငံဟူသော အသုံးအနှုန်းနှင့်မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်မှစတင်ပေါ်ပေါက်လာသည် ဟူသော အချက်ပင် ဖြစ်ပေ သည်။ ထို့ကြောင့်မြန်မာနိုင်ငံတွင်မူ ၁၉၄၈ ခုနှစ်က နိုင်ငံသားဥပဒေတစ်ခုကို ပြဌာန်းခဲ့သည်။ ၁၉၄၈ ခုနှစ်မတိုင်ခင်တွင်မူ၊ မြန်မာနိုင်ငံဟူသည် မရှိသေးပေ။ တဖန် ၁၉၈၂ ခုနှစ်တွင်မူ မြန်မာနိုင်ငံသားဥပဒေ ကို ဦးနေဝင်း၏ အာဏာရှင်အုပ်ချုပ် ရေးအောက်တွင် ပြဌာန်းခဲ့သည်။ ဦးနေဝင်းလက်ထဲမှစတင်ပြီး ““နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ”” ဟူ၍ သုံးမျိုးခွဲထားသည်။ ဧည့်နိုင်ငံသားများနှင့်နိုင်ငံ သားပြုခွင့်ရသူများသည် နိုင်ငံသားအခွင့်အရေးများဖြစ်သော မဲပေးခွင့်၊ နိုင်ငံရေးတွင် အရွေးကောက် ပိုင်ခွင့်၊ အသက်မွေးဝမ်းကျောင်းပညာရပ်ဖြစ်သော ဆေးပညာ၊ အင်ဂျီနီယာပညာများတွင် တက်ရောက်ခွင့် ကို ငြင်းပယ်ခံရသည်။ သို့သော် ၁၉၈၈ ခုနှစ်၊ စစ်အစိုးရတက်လာသောအချိန်တွင်မူ၊ နိုင်ငံသားဖြစ်ခြင်းကို ကိုးကွယ်ယုံကြည်မှုနှင့်ဆက်စပ်စေခဲ့သည်။ စစ်အစိုးရလက်ထက်တွင်မူ၊ နိုင်ငံသားဖြစ်သော်လည်း ဗုဒ္ဓဘာသာဝင် မဟုတ်သူများကိုမူ ရာထူးတိုးပေးခြင်း မပြုလုပ်သည့်အပြင် ရသင့်ရထိုက်သော အခွင့် အရေးများကိုပါ ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် စစ်အစိုးရသည် မြန်မာနိုင်ငံသားဖြစ်လိုလျှင် ဗုဒ္ဓဘာသာကို ယုံကြည်လက်ခံရမည်ဟူသော နည်းဗျူဟာကို လှို့ဝှက်စွာကျင့်သုံးခဲ့လေသည်။

စစ်အစိုးရ၏ အဆိုအရ၊ မြန်မာနိုင်ငံတွင်မူ တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅) ဖြင့် နေထိုင်ကြ ရာ မြန်မာနိုင်ငံသည် အမျိုးသားပေါင်းစုနိုင်ငံ ဖြစ်နေတော့သည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် တိုင်းရင်းသားဝိသေသလက္ခဏာနှင့် အမျိုးသားဝိသေသလက္ခဏာတို့ကို ပိုင်ဆိုင်နေလေ သည်။ အကြောင်းရင်းကားမူ၊ တိုင်းရင်းသားများတွင် လူမျိုးစုကွဲများစွာရှိပါသဖြင့် ဝိသေသလက္ခဏတစ်ရပ်ကို အခြေခံတည်ဆောက်ရန် အခွင့် အာဏာရှိသောလူမျိုးစုခေါင်းဆောင်များက နည်းလမ်းအမျိုးမျိုးဖြင့် စုစည်းကာ တည်ဆောက်နေသောစံပြတိုင်းပြည်များလည်း ရှိပေသည်။ လူမျိုးကို အခြေခံကာ နိုင်ငံတော် လက္ခဏာရပ်အဖြစ် တည်ဆောက်ရေးကို လူမျိုးပေါင်းစုံရှိသော မြန်မာနိုင်ငံအတွက် လွယ်ကူ လှသော ကိစ္စမဟုတ်ချေ။ လူမျိုးစုဝိသေသနှင့်အမျိုးသားဝိသေသလက္ခဏာတို့မှာ အားပြိုင်လျက်ရှိသကဲ့ သို့ နိုင်ငံတော်၏နိုင်ငံသားဘဝကို မေ့လျော့နေသယောင် ဖြစ်နေတတ်ပါသည်။ မည်သို့ပင်ဖြစ်စေကမူ၊ တိုင်းရင်းသားဖြစ်ခြင်း၊ လူမျိုးစုဖြစ်ခြင်းသည် မြန်မာနိုင်ငံ၏ပင်မအနေ အထားသို့ ရောက် ရှိနေပြီး နိုင်ငံသားဖြစ်မှုထက် အချို့အခြေအနေနှင့်အချိန်အခါမျိုးတွင် ပို၍အရေးပါနေကြောင်း တွေ့ရသကဲ့ သို့ နိုင်ငံသားဖြစ်မှု သည် နိုင်ငံတော်၊ နိုင်ငံသား၊ အချုပ်အခြာအာဏာ၊ နယ်နိမိတ်များထက် ပိုပြီး အနှစ်သာရရှိပေသည်။

ထို့ကြောင့် မြန်မာနိုင်ငံအတွင်းတွင် နေထိုင်နေကြသော ဘာလူမျိုးဖြစ်စေ၊ ဘယ်ဘာသာကို ကိုးကွယ် သည်ဖြစ်စေ၊ ကိုယ့်မြန်မာနိုင်ငံသား ဖြစ်ခြင်းထက်ပိုပြီး ဂုဏ်ယူစရာ မရှိကြောင်းနှင့် မြန်မာနိုင်ငံ သားဖြစ်ခြင်းကို ကောင်းမွန်စွာ လက်ခံကြပါစို့လားဟု တိုက်တွန်းအပ်ပါသည် ခင်ဗျား။ အယ်ဒီတာချုပ်

1619  Views
Previous: အမေရိကန်သံအမတ်နှင့် သံတမန်အဖွဲ့ ရခိုင်ဒုက္ခသည်များနှင့်တွေ့ဆုံ
Next: ကလေးဆရာတော်ကြီး ဖေးလစ်လျန်ခဲန်းထန်အား မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌအဖြစ် ရွေးချယ်ခန့်အပ်