NUG ဝန်ကြီးတွေအပါအဝင် ၁၁ ဦးကို နိုင်ငံသားအဖြစ်က ရပ်စဲကြောင်း စစ်ကောင်စီ ကြေညာ

ဒေါက်တာဇော်ဝေစိုး၊ ဦးရည်မွန်၊ ကိုမင်းကိုနိုင်၊ ဒေါက်တာ ဆာဆာ အပါအဝင် ၁၁ ဦးကို မြန်မာနိုင်ငံသားအဖြစ်ကနေ ရပ်စဲကြောင်း အာဏာသိမ်းစစ်ကောင်စီက မတ်လ (၄) ရက်နေ့က ကြေညာပါတယ်။

စစ်ကောင်စီရဲ့ မြန်မာနိုင်ငံသားအဖြစ် ရပ်စဲခံရသူတွေထဲက တစ်ဦးဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာ ဆာဆာ က စစ်ကောင်စီရဲ့ ထုတ်ပြန်ကြေညာချက်တွေဟာ တရားမဝင်ဘူးလို့ တုံ့ပြန်ပါတယ်။

“ မြန်မာနိုင်ငံကို ဖျက်ဆီးနေတာ လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ်တွေပဲဖြစ်တယ်ဆိုတာ ပြည်သူလူထုလည်းသိတယ်၊ တစ်ကမ္ဘာလုံးကလည်း သိတယ်၊ သူတို့ထုတ်ပြန်သမျှကို ကျွန်တော်တို့က ဂရုမစိုက်ပါဘူး။ သိလည်းမသိဘူး၊ စိတ်လည်းမဝင်စားဘူး၊ တရားဝင်ခြင်းလည်း မရှိဘူး။ မြန်မာနိုင်ငံသားဖြစ်တယ်မဖြစ်ဘူးဆိုတာ သူတို့မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ ကျွန်တော် မြန်မာ နိုင်ငံသားဖြစ်တယ်ဆိုတာ မွေးရာပါဖြစ်တယ်၊ သူတို့ ပြန်ယူခွင့်မရှိသလို ပေးခွင့်လည်း မရှိဘူး။ ကျွန်တော် ချင်းပြည်သူဖြစ်တယ်ဆိုတာ မင်းအောင်လှိုင်က ဆုံးဖြတ်ရမှာမဟုတ်ဘူး၊ ဆုံးဖြတ်ပိုင်ခွင့်လည်း သူ့မှာမရှိဘူး။”

မြန်မာနိုင်ငံသားအဖြစ် ရပ်စဲခံရသူတွေက အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးလွင်ကိုလတ်၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒါက်တာ ဆာဆာ၊ အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်၊ ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ နိုင်ငံရေးလှုပ်ရှားသူတွေဖြစ်တဲ့ အိပန်ဆယ်လိုနဲ့ ဦးမျိုးရန်နောင်သိမ်း တို့ ဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့တည်ဆဲဥပဒေတွေကို ကျူးလွန်ပြီး ပြည်ပနိုင်ငံတွေကို တရားမဝင်ထွက်ခွာသွားကြသူတွေဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအကျိုးကို ထိခိုက်စေနိုင်တာတွေ လုပ်ဆောင်တာကို ဖော်ထုတ်တွေ့ရှိရတာကြောင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ အရ နိုင်ငံသားအဖြစ်ကနေ ရပ်စဲလိုက်တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုမင်းကိုနိုင်၊ ဒေါက်တာဇော်ဝေစိုး၊ ဦးရည်မွန်အပါအဝင် အာဏာသိမ်းမှုကို ဦးဆောင်ဆန့်ကျင်သူတွေ၊ အကြမ်းမဖက် အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှု ဦးဆောင်လှုံ့ဆော်သူတွေကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ပြီး လိုက်လံဖမ်းဆီးနေတာဖြစ်ပါတယ်။

321  Views
Previous: ယူကရိန်းနိုင်ငံအရေးဆွေးနွေးဖို့ ဗာတီကန်နိုင်ငံတွင်ဖွင့်လှစ်ထားသော ရုရှားနိုင်ငံသံရုံးကို ပုပ်ရဟန်းမင်းကြီးကိုယ်တိုင် သွားရောက်
Next: ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်နေ