Sean Turnell ကို အစိုးရလျှို့ဝှက်ချက် ဥပဒေနဲ့ ရုံးထုတ်ချိန် စကားပြန်ထားရှိခွင့် ပြုမည်မဟုတ်

သြစတြေလျနိုင်ငံသား စီးပွါးရေးပညာရှင် Sean Turnell အပေါ်တရားစွဲဆိုထားတဲ့ အမှုတွေ အတွက် နောက်ရုံးချိန်းမှာ အင်္ဂလိပ်- မြန်မာ ဘာသာပြန် ထားခွင့် မပြုကြောင်း ကြာသပတေးနေ့မှာ တရားရုံးတော်က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

Sean Turnell နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၅ ဦးအပေါ် နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃-၁ (ဂ) နဲ့ စွဲချက်တင်ထားတာကို ကြာသတေးနေ့က နေပြည်တော် အထူးတရားရုံးမှာ ကနဦးကြားနာခဲ့ချိန်မှာ အခုလိုအမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ သူ့ရှေ့နေ ဦးရဲလင်းအောင်က ပြောကြောင်း AP သတင်းမှာ ဖေါ်ပြပါတယ်။ စကားပြန်လာခွင့်မပြုဖို့ အစိုးရရှေ့နေရဲ့ ပန်ကြားချက်ကို လုံခြုံရေးအခြေနေအရ တရားသူကြီးက သဘောတူလိုက်တာဖြစ်ကြောင်းလည်း ပြောပါတယ်။

တရားအစွဲဆိုခံရသူ ၅ ဦးစလုံးတက်ရောက်တဲ့ ကြားနာပွဲနဲ့ ပတ်သက်ပြီး သတင်းမီဒီယာအပါအဝင် ပြည်သူသိရှိခွင့်မရှိစေဖို့ ပိတ်ပင်ထားပေမယ့် အစိုးရရုပ်သံက ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ မစ္စတာ Turnell ဟာ ငွေကြေးဆိုင်ရာ နိုင်ငံတော်လျှို့ဝှက်အချက်လက်တွေကို လက်လှမ်းမှီသိရှိခဲ့သလို မြန်မာနိုင်ငံကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

မစ္စတာ Turnell အတွက် စကားပြန်မပါပဲ ရုံးတင်စစ်ဆေးတာဟာ ခက်ခဲမှာဖြစ်ကြောင်း နဲ့ ဒီကိစ္စကို သြစတြေးလျသံရုံး အရာရှိတွေနဲ့ ဆွေးနွေးမှာ ဖြစ်ကြောင်းလည်း ရှေ့နေဦးရဲလင်းအောင်က ပြောပါတယ်။ အခု နေပြည်တော်အကျဉ်းထောင်မှာ အထိန်းသိမ်းခံနေရတဲ့ မစ္စတာ Turnell ရဲ့ ကျန်းမာရေးအခြေနေ ကောင်းမွန်ကြောင်းနဲ့ စားစရာနဲ့ ပစ္စည်းတချို့ ပို့ပေးဖို့ သူကမှာကြောင်းလည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွါးရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Sean Turnell ဟာ ဖေဖေါ်ဝါရီလ စစ်တပ်အာဏာသိမ်းခဲ့ပြီး နောက် ၅ ရက်အကြာမှာ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ အဖမ်းခံခဲ့ရတာ ဖြစ်ပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် အနည်းဆုံး ၁၄ နှစ်အထိ ကျခံရနိုင်ဖွယ်ရှိပါတယ်။

Sean Turnell အပေါ်စစ်ကောင်စီက တရားစွဲထားတာနဲ့ပတ်သက်လို့ သြစတြေးလျ အစိုးရကဘက်က မျှတတဲ့ တရားစီရင်မှု ရနိုင်ခြေအပေါ် သံသယဖြစ်ရကြောင်း ထုတ်ဖော်ပြောဆိုထားသလို သြစတြေးလျအစိုးရ အနေနဲ့ ပါမောက္ခ Turnell ရဲ့ အမှုနဲ့ပတ်သက်ပြီး တရားရုံးချိန်းတိုင်းကို တက်ရောက်ခွင့် ရဖို့ရော၊ အချိန်မီ အကြံပေးခွင့်ရဖို့ပါ တောင်းဆိုထားပါတယ်။

427  Views
Previous: လုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်သောနံ့သာမြိုင်ကျေးရွာမှ အနာကြီးရောဂါသည်များဆီသို့ မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာက သွားရောက်လှူဒါန်းခြင်း
Next: နိုင်ငံပေါင်း ၂၇ ခု စုဖွဲ့ထားသည့် ဥရောပသမဂ္ဂပါလီမန်က NUG အစိုးရနှင့် CRPH လွှတ်တော် ကို မြန်မာပြည်သူ၏ တရားဝင်ကိုယ်စားပြုအဖြစ် လက်ခံဟု ဆုံးဖြတ်ချက်ချ